နိုင်ငံတော်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့

နိုင်ငံတော်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အောက်တိုဘာလ ၂ ရက်နေ့က အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) နှစ်(၁၀၀)ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါ ကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ဆေးဝန်ထမ်းတပ်ဖွဲ့တွင်ရှိသည့် တပ်မတော် ဆေးသုတေသနတပ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများက သုတေသီများသည်  တပ်မတော်သားများနှင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာအဖြစ် ပြောကြားလိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်းဖြစ်၍ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် (၇၆)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍများမှ ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်။ တပ်မတော်ကဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြီးများတွင်လည်း  ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ အနေဖြင့် ရှေ့တန်းကျကျ ဆေးကာကွယ်ပေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြသည်။ တက္ကသိုလ်ကြီးများက သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများကို အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) အပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာ ဆက်လက်သင်ကြားပြီး ပြုစုပျိုးထောင်ပေးနေခြင်းကြောင့် ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဆေးဘက်ပညာပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သကဲ့သို့ မြန်မာပြည်သူပြည်သား တို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးရာတွင်လည်း များစွာအထောက်အကူပြုလျက်ရှိသည်။

တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု အကျိုးပြု ဆေးကုသမှုလုပ်ငန်းများကို သာမန်အချိန်များတွင်သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင်လည်း ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြသည်။ ယခင်ကဖြစ်ပွားခဲ့သော နာဂစ်၊ ဂီရိ အစရှိသည့် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေဘေးအန္တရာယ်များနှင့် ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်  မိုခါဆိုင်ကလုန်းမုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသများတွင် ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကာကွယ်၊ ကုသ၊ စောင့်ရှောက်မှုများ ပေးခဲ့သည်။

ထို့ပြင် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ပြည်သူအကျိုးပြု ဆေးကုသမှုများဆောင်ရွက်ရာတွင်  ဝေးလံခေါင်ဖျားဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကိုလည်း  သွားရောက်တာဝန် ထမ်းဆောင်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်မှစပြီး ပါရဂူများ၊ ဆေးမှူးအရာရှိများကို ၄ ကြိမ်တိုင်တိုင် စေလွှတ်ခဲ့ရာ ယခု စတုတ္ထအကြိမ်မြောက်တွင် ပါရဂူ^ဆေးမှူး ၁၈ ဦးသည် တိုင်းရင်းသားညီအစ်ကိုများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို    ဦးလည်မသုန် ဆောင်ရွက်လျက်ရှိသည်။

ယနေ့ကာလတွင်ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလိုအပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအချို့လုပ်ငန်းခွင် စွန့်ခွာမှုများရှိခဲ့သည့်အတွက် ကျန်းမာရေး ဝန်ထမ်းနည်းပါးကာ ပြည်သူများ အခက်အခဲကြုံတွေ့ကြရသည်ကိုလည်း တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်သည် နိုင်ငံအတွက် လိုအပ်နေသော ဆေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များနှင့် ဆေးဘက်ပညာရပ်များ   မြင့်မားတိုးတက်လာရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို  အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၌ကျင်းပခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို “ ကျန်းမာရေးစနစ်ပြောင်းလဲမှုများတွင် တပ်မတော်ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်ခြင်း” ဆိုသည့်ခေါင်းစဉ်ကို အခြေခံပြီး ဆွေးနွေးခဲ့သည်။

တပ်မတော်အနေဖြင့် ကျောက်ကပ်အစားထိုး လဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ နှလုံးသွေးကြော ှအနညအ ထည့်ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်းခွဲစိတ်ကုသခြင်း စသည့် အဆင့်မြင့်ကုသမှုမျိုးစုံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာခွဲစိတ်နိုင်ခဲ့သည်။ ယခုအခါ တပ်မတော်ဆေးရုံကြီးလေးရုံတွင် ကင်ဆာရောဂါဝေဒနာရှင်များအား ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးများဖြင့် ကုသခြင်းတို့ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။   ။