နိုင်ငံအတွက် စံပြုကမ်းခြေစောင့်တပ်ဖွဲ့

နိုင်ငံအတွက် စံပြုကမ်းခြေစောင့်တပ်ဖွဲ့

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂)နှစ်မြောက် နှစ်ပတ်လည်နေ့တွေ့ဆုံပွဲ အခမ်းအနား၌ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့သို့ရောက်ရှိပြီဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ပိုင်နက်ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန် ထမ်းဆောင်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ယခုထက်ပိုမိုသည့် စွမ်းဆောင်ရည်ကို ပြသသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကမ်းခြေစောင့် တပ်ဖွဲ့ကို စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ဆောင်ရွက်သွားကြရန်နှင့် စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည် သွားနိုင်ကြရန် ဆုမွန်ကောင်း တောင်းပါကြောင်း” ဖြင့် ပြောကြားခဲ့သည်။

မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်း အကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အရေးပေါ် အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန် စသည့် ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်မှာ ယခုအခါ (၂)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဖွဲ့စည်း ဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံး သော မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်သည်။ နှစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာများတွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံတော်မှဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်  ကျွန်းပေါင်းများစွာရှိသည်။

မြန်မာနိုင်ငံသည် သဘာဝက ပေးအပ်ထားသော ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ များစွာရှိသည့်အတွက် စီးပွားရေး အခွင့်အလမ်းများလည်း များစွာရှိသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို   အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန်  တပ်မတော်(ရေ)အပြင် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့် တပ်ဖွဲ့တစ်ခုရှိရမည်ဖြစ်သည်။  ထိုသို့ဖွဲ့စည်းထားရှိရန်အတွက်  အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း တည်ဆောက်ပုံများကို အချိန်ယူလေ့လာ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကာ ဖွဲ့စည်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က ကမ်းခြေစောင့်တပ်ဖွဲ့ မရှိသည့်အတွက် ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်း အကျိုးစီးပွားများ၊ ရေကြောင်း သယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ လူသားချင်း စာနာမှုအကူအညီ ပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊  ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိနေပြီဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး  ပေးအပ်ထားသည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက် နေကြရမည်ဖြစ်သည်။ လေ့ကျင့်ရေး ဆောင်ရွက်ခြင်းမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို ပိုမိုအသုံးချနိုင်ရန်ဖြစ်သည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ အရည်အသွေးပြည့်ဝရန် လိုသကဲ့သို့ ရေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံရန်လည်း လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကာကွယ်မည်၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းဖြင့် ဝင်ရောက် အမှုထမ်းခဲ့သူများဖြစ်သည်။ မိမိတို့တစ်ဦး တစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိတို့ကိုပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း  မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို စွမ်းရည်ထက်မြက်သည့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။