ပြည်သူ့အတွက် အလေးထားမြန်မာ့မီးရထား

ပြည်သူ့အတွက် အလေးထားမြန်မာ့မီးရထား

မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းရေးကဏ္ဍတွင် မြန်မာ့မီးရထားသည်  ဦးဆောင်ပါဝင်လျက်ရှိသည်။ အထူးသဖြင့် ကုန်စည်ပို့ဆောင်ရေးကုန်ရထားများသည် ပို၍အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။ သယ်ယူပို့ဆောင်ရေး စနစ်တွင် ကုန်းလမ်း၊ ရေလမ်းနှင့်လေကြောင်းပို့ဆောင်ရေးဟူ၍နည်းလမ်းသုံးသွယ် ရှိသည်။ မီးရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာ ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ရထားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု ကဏ္ဍမြင့်မားစေရေးအတွက်  ကုန်တွဲများကြံ့ခိုင်ရေးကို ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စက်ခေါင်းများလည်း ကောင်းမွန်နေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်း ဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး  ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(မလွှကုန်း)စက်ရုံ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ တာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍မှာကြားရာတွင် မိမိတို့နိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံများစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါအတွေ့အကြုံများကို အကျိုးရှိရှိ အသုံးချ၍ ရထားစက်ခေါင်းများ၊ တွဲများ၊ သံလမ်းများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရမည်၊ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုသည့် မီးရထားစက်ခေါင်းများကိုထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားသယ်ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူလူထု၏နေ့စဉ်လူမှုစီးပွားဘ၀ သက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင် သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန် နိုင်ငံတော်အကြီးအကဲကလမ်းညွှန်ထား ခြင်းဖြစ်သည်။ ရထားလမ်းများကောင်းမွန်မှသာလျှင် ရထားစက်ခေါင်းများ၊ ရထားတွဲများ ကြံ့ခိုင်ကောင်းမွန် မည်ဖြစ်သည့်အတွက် မီးရထားလမ်းများစနစ်တကျရှိပြီး ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ကျောက်ထည့် သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်းခြင်းတို့ကို စံချိန်စံနှုန်းပြည့်မီရန်နှင့် နည်းစနစ်တကျဖြစ်စေရေး ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာ့မီးရထားလုပ်ငန်းမှာ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးကြီးလုပ်ငန်းဖြစ်သည်။ ရထားသည် ကားနှင့်နှိုင်းယှဉ်လျှင် တူညီသောကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီ သုံးစွဲနှုန်း လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသည့်အတွက် လေထုညစ်ညမ်းမှုနှင့်သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျော့ပါးစေပါသည်။ ခရီးသည်အမြောက်အမြားကိုသယ်ယူပို့ဆောင်နိုင်သဖြင့် မော်တော်ယာဉ် ကျပ်တည်းမှု ဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေသုံးသင့်သောပို့ဆောင်ရေးစနစ်ဖြစ်ပါသည်။ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ရေးထက် ရထားလုပ်ငန်းမှာပိုမိုအသုံးတွင်ကျယ်သည့်အတွက် နိုင်ငံအသီးသီး ၌ ရထားလုပ်ငန်းမှာ ပြည်သူလူထုပို့ဆောင်ရေးလုပ်ငန်း ဖြစ်သည်။

မြန်မာ့မီးရထားသယ်ယူပို့ဆောင်ရေးစနစ်သည် ဒေသအတွက်များစွာ အကျိုးရှိစေသည့် စနစ်တစ်ခုဖြစ်သည်။ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှတွင် ပထမဆုံး ဖောက်လုပ်ပြေးဆွဲခဲ့သည့် မီးရထား လမ်းဖြစ်သည်။ မြန်မာ့မီးရထား ဖြတ်သန်းခဲ့သည့် ၁၄၆ နှစ်ခရီးတစ်လျှောက်တွင် ခေတ်စနစ်များအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း ဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပို့ဆောင်ရေး လုပ်ငန်းများကို တစိုက်မတ် မတ်ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်၏ပို့ဆောင်ရေးလိုအပ်ချက်များကို ယခုတိုင်ဖြည့်ဆည်းပေး နိုင်ခြင်းဖြစ်သည်။ မြန်မာ့မီးရထားဌာနကြီးအနေဖြင့် အဆိုပါနှစ်ပေါင်းများစွာအတွင်း ပြည်သူများအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းသည် အခက်အခဲများစွာ ကြုံတွေ့ရမှု၊ အောင်မြင်မှု၊ဆုံးရှုံးမှုများ စသည်ဖြင့် အတွေ့အကြုံများစွာ ရရှိနေပြီ ဖြစ်သည်။

မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း(၉၀၂၁)တွဲကို အသုံးပြု၍ ကုန်စည် သယ်ယူပို့ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး(၁၉၄၀-၁၉၄၁) ခုနှစ်တွင် ကုန်တန်ချိန်(၄၀၃၀၆၅၃)တန်အထိ အများဆုံးသယ်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပြီး ကုန်ရထားတွဲဆိုင်းများ ဖွဲ့ဆင်၍ စေလွှတ်ခြင်းနှင့် လက်ခံ ခြင်းပြုလုပ်ရာ၌ အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံတော်နှင့်ပြည်သူတို့ အားထားနိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင် ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် မလွှကုန်းယာဒ်ဝင်းသည် အဓိကကျသည့်ယာဒ်ဝင်းဖြစ်ပြီး စက်ခေါင်းများမွမ်းမံပြုပြင်သည့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ ကုန်တွဲပြင်အလုပ်ရုံများလည်းတည်ရှိသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့မီးရထားသည် ပြည်သူတို့အားကိုးအားထား ပြုနိုင်သည့် ပို့ဆောင်ရေးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။