နယ်စပ်ကုန်သွယ်ရေးစခန်းများ

နယ်စပ်ကုန်သွယ်ရေးစခန်းများ

မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် အချို့မှာ နယ်စပ်မျဉ်းနှင့်ဝေးကွာလှသည်။ လူနေမြို့ရွာများကိုရောက်ရှိ ဖြတ်သန်းပြီးမှသာ ကုန်သွယ်ရေးစခန်းသို့ရောက်ရှိလာသည်။ မြို့ရွာများကိုဖြတ်သန်းရသည့်အတွက် အဆိုပါမြို့ရွာများတွင် ကုန်ပစ္စည်းများစုပုံ၍ ရှောင်ကွင်းလမ်းများမှ သွားလာနေသည်များ ရှိနေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများပြုလုပ်ရန်  အခွင့်အလမ်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် နယ်စပ်မျဉ်းနှင့်ကုန်သွယ်ရေးစခန်းများကြားရှိ မြို့ရွာများတွင် နေထိုင်သူများသုံးစွဲသည့် ဒေသသုံးကုန်စည်များမှာ မိမိတို့နိုင်ငံ၏ သွင်းကုန်စာရင်းတွင် မပါဝင်သည့်အတွက် တစ်ဖက်ကုန်သွယ်ဖက်နိုင်ငံများ၏ ပို့ကုန်စာရင်းနှင့်ကွဲလွဲခြားနားချက်များ ရှိလာသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိစာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံက စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလီယံဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလီယံကွာခြားနေသည့်အတွက် ၎င်းမှာတစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုဖြစ်သည်ဟု သုံးသပ်ရသည်။ တရားမဝင်ကုန်သွယ်မှု ဖြစ်ပေါ်ရခြင်း အဓိကအကြောင်းရင်းများမှာ   အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့်ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်းဝန်းကျင်စသော အခြေခံကျသည့် အချက်များ ဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း လုံခြုံရေးအရလိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်းလွယ်ကူစွာ ဖြတ်သန်းနိုင်သည့်နေရာ အများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန်ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်နှင့်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို တစ်ဖက်နိုင်ငံနယ်စပ်စစ်ဆေးရေး စခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့် အနီးဆုံးနေရာတွင် ထားရှိရန် လိုအပ်လာပြီဖြစ်သည်။ နယ်စပ်စစ်ဆေးရေးဂိတ်များကို တစ်ဖက်နိုင်ငံစစ်ဆေးရေး စခန်းများနှင့်ကပ်လျက် နယ်စပ်အနီး ဆောင်ရွက်ခြင်းဖြင့် တင်သွင်းမှု၊ တင်ပို့မှု၊ လူပုဂ္ဂိုလ်များ ဝင်ရောက်မှုများကို ပိုမိုကြပ်မတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုစာရင်းမကိုက်ညီမှုများ လျော့နည်းသွားမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ခြင်းကြောင့် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက်ရန် လိုအပ်နေပြီဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက်နိုင်ရေး အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။  ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက် နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီချက်များဖြစ်သော ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) နှင့်  Greater Mekong Sub-Region Cross Border Transport Agreement(GMS-CBTA) တို့အရ ဆက်လက်ဆောင်ရွက်မည့် ASEAN Customs Transit System(ACTS)၊ Single Window Inspection(SWI)နှင့် Single Stop Customs Inspection (SSCI) လုပ်ငန်းစဉ်များကို  အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏နယ်စပ်စစ်ဆေးရေး စခန်းများသည်  တစ်ဖက်နိုင်ငံနယ်စပ် စစ်ဆေးရေး စခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့်အနီးဆုံးတွင် ရှိရန်လိုအပ်သည်ကို တွေ့ရှိရသည်။ သို့မှသာ လူနှင့်ပစ္စည်းများကို လွယ်လွယ်ကူကူလျင်လျင်မြန်မြန် စစ်ဆေးနိုင်မည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာ၌ နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ  တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်ထားခြင်း မရှိသည့်အတွက် စိန်ခေါ်မှုများနှင့်ကြုံနေရခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရသည့် ကိစ္စရပ်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုကို တားဆီးအရေးယူဆောင်ရွက်ရာတွင် နယ်စပ်ဖြတ်ကျော် တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့မရောက်ရှိစေရေးနှင့် မိမိနိုင်ငံဘက်သို့ ဝင်ရောက်မလာစေရေးကို အိမ်နီးချင်းနိုင်ငံများနှင့်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့နိုင်ငံ့ စီးပွားရေးအပေါ် ထိုးနှက်ချက်များ ပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွား မြင့်မားစေရေးအတွက် တရားမဝင်ကုန်သွယ်မှု ပပျောက်စေရန်မှာ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ဇုန်/ကုန်သွယ်ရေး စခန်းများအား နိုင်ငံတကာစံနှုန်း၊ လုပ်ငန်းစဉ်များ နိုင်ငံတော်၏တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။