ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များအောင်မြင်ရေး

ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များအောင်မြင်ရေး

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်

ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကိုထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှု၊ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့သည်။ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်  နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍  ရှင်းလင်းခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဖြေရှင်းဆောင်ရွက်ပေးရန်တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ငြင်းဆန်သည့်အခါ ဒုတိယအဆင့်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ ဖြေရှင်းပေးရန် ဥပဒေနှင့်အညီတောင်းဆိုခြင်းကိုလည်း ငြင်းဆန်ခဲ့သည်။  တတိယအဆင့်နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာပေးပါရန် တောင်းဆိုခဲ့သည်ကိုလည်း ငြင်းဆန်ခဲ့သည်။အဆင့်အားလုံးငြင်းပယ်ခံရသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့ပါသည်။ အဆိုပါပြဿနာများကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင်   အခက်အခဲများဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ထို့ကြောင့်ထိုစဉ်က ယာယီသမ္မတက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအားခေါ်ယူပြီး  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)  ပုဒ်မ၄၁၇ အရ အရေးပေါ် အခြေအနေကြေညာကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍   နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။

ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဦးတည်ချက်များ စသည်ဖြင့် ဦးတည်ချက်များကိုချမှတ်၍  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည့်အတွက် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံအနေဖြင့် ထိုက်သင့်သလောက်တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ရပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်မယူမီကာလအတွင်း နိုင်ငံ၏စီးပွားရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ စတင်တာဝန်ယူချိန်မှစ၍ ပိတ်ဆို့မှုများကြားမှ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကိုတွေ့မြင်ရပေမည်။   ထပ်မံ၍လည်း တိုးတက်မှုရှိမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသူများလည်းရှိသည်။ တစ်ဖက်မှကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ

အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၉ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရန် ဆောင်ရွက်ရာတွင် မဲစာရင်းများမှန်ကန်မှုရှိအောင်နှင့်  ဆန္ဒမဲပေးခွင့်ရှိသူအားလုံး  မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့်အချက်အလက်များအပေါ်မူတည်၍ မဲစာရင်းများ ထွက်ပေါ်လာမည်ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကို ကျင်းပနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ပြုလုပ်သည့်ရွေးကောက်ပွဲသည်  လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပြည်သူအားလုံးပါဝင်သည့်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ် ဆိုရသော် ရှေ့လုပ်ငန်းစဉ်များ၊  ဦးတည်ချက်များ အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။