ရေသည်အသက် ရေသည်ရိက္ခာ

 ရေသည်အသက် ရေသည်ရိက္ခာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့သည် (၄၃)နှစ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ဆောင်ပုဒ်မှာ ရေသည်အသက်၊ ရေသည်ရိက္ခာ၊ တစ်ဦးတစ်ယောက်မချန်ရရှိစေရာ ''Water is Life, Water is Food, Leave no one behind'' ဖြစ်သည်။ ရေအသက်တစ်မနက် ဆိုသည့် စကားနှင့်အညီ ရေသည် လူများ၏အသက်တမျှအဓိကကျလှသည်။ ရေလုံလောက်စွာမရရှိပါက လူသားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှအစ ဘက်ပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးစေမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတိုင်းသည်  မိမိတို့ပြည်သူပြည်သားများအတွက်  အန္တရာယ်ကင်းသည့် ရေကောင်းရေသန့်လုံလုံ လောက်လောက်ရရှိရန် ကြိုးပမ်းလျက်ရှိနေခြင်းဖြစ်သည်။ ရောဂါဖြစ်စေသည့် ပစ္စည်းများ ကင်းစင်ပြီး အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများလုံးဝမပါဘဲ  အရောင်အဆင်းအနံ့အရသာကင်းသည့်ရေမဟုတ်ပါက  ညစ်ညမ်းသည့်ရေ၊ သုံးစွဲရန်မသင့်သည့်ရေဟု သတ်မှတ်ရမည်ဖြစ်သည်။

အချို့သောနိုင်ငံများမှာ ရေကိုမိမိတို့ ပြည်တွင်းတွင် လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေကြရသည်။ ရေနှင့်ပတ်သက်လာလျှင် ကမ္ဘာ့နိုင်ငံအများစုသည် ရေအခက်အခဲများ ကြုံတွေ့နေရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိစက်ရေတွင်းများတူးဖော်ပေးခြင်း၊ ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်းစသည့် ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကိုဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့်ဆက်နွှယ်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုများကို ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့နေကြရသည်။ ကောင်းကျိုးထက် ဆိုးကျိုးများကြုံတွေ့နေရသည့်အတွက် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရန် နိုင်ငံတိုင်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှု ဖြစ်ပေါ်လာသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ စိမ်းလန်းစိုပြည်မှုမရှိခြင်း၊ သစ်ပင်သစ်တောများပြုန်းတီးခြင်း စသည့် သဘာ၀၀န်းကျင်ပျက်စီးယိုယွင်းမှုသည် ရေရှားပါးမှုနှင့်ဆက်စပ်လျက်ရှိပြီး အပြန်အလှန် သက်ရောက်မှုကို ဖြစ်စေသည်။

သစ်တောသစ်ပင်ရှားပါးကွယ်ပျောက် လာသည်နှင့်အမျှ ရာသီဥတုဆိုးရွားခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်း များဖြစ်လာသည်။ ရာသီဥတုကိုသဘာဝကဖန်တီးခြင်း ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်သစ်တောများထူထောင်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်လာသည်။ ရေဝေရေလဲဒေသများနှင့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကြမည်ဆိုပါက ရေရှားပါးမှုအခက်အခဲများ သက်သာစေပြီး ရာသီဥတုနှင့် ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပေမည်။ ရေသယံဇာတသည် သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်များဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့်ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိသည်။

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ကြွယ်ဝသော်လည်း အချို့ဒေသများတွင် သောက်သုံးရေ အခက်အခဲ မလုံလောက်သည့် ပြဿနာများရှိနေသည်။ မိုးခေါင်ရေရှားဒေသတွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲကြုံတွေ့ရသည်များရှိသည်။ ကျေးလက်ဒေသနေပြည်သူများ၏ စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်ပေရာ ထိုလုပ်ငန်းများအတွက်ရေလိုအပ်သည်။ ထိုဒေသများတွင် ရွှေကိုမလို၊ရေကိုသာလိုသည် ဆိုသည့်စကားအတိုင်း ရေကိုရွှေကဲ့သို့တန်ဖိုးထားကြသည်။ မိုးရွာသွန်းမှု များပြားသည့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း မိုးရာသီတွင်ရေချိုပေါများပြီး နွေရာသီတွင် ရေချိုရှားပါးမှု အခက်အခဲရှိသည်။

မြန်မာနိုင်ငံသည် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များ စသည့်ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည့်အတွက် ရေချိုပေါများသောနိုင်ငံဖြစ်သည်။ အချို့သောနိုင်ငံများတွင် ရေချိုမလုံလောက်သဖြင့် ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲခြင်း၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲခြင်းများလုပ်ဆောင်နေကြရသည်။ အနှစ်ချုပ်ဆိုရသော် ရေသည်အသက်၊ ရေသည်ရိက္ခာ၊ တစ်ဦးတစ်ယောက်မချန်ရရှိစေရာ ဆောင်ပုဒ်နှင့်အညီ ရေကိုစနစ်တကျ သုံးစွဲကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။