သဘာဝဘေးကြိုတင်ကာကွယ်ပေး

 

သဘာဝဘေးကြိုတင်ကာကွယ်ပေး

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်သည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေ တိုက်ဖျက်စို့ ''Fighting Inequality for A Resilient Future''ဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတိုင်း၊ လူသားတိုင်းကြုံတွေ့ရသောဘေးအန္တရာယ်ဖြစ်သည်။ တချို့သောသဘာဝဘေးအန္တရာယ်များသည် မည်သည့်နေ့ရက် မည်သည့်အချိန်တွင် ပေါ်ပေါက်လာမည်ကို မည်သူမျှကြိုတင်မှန်းဆနိုင်ခြင်းမရှိပေ။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများမကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများအရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးလာခြင်းနှင့် ရောဂါဘယများထူပြောလာခြင်းစသည်တို့ ပါဝင်သည်။

ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ် အမျိုးမျိုးမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု၊ ပေါ့ဆမှုကြောင့် သဘာဝဘေး ကြုံတွေ့ရတတ်သလို သဘာဝအလျောက်လည်း သဘာဝဘေးကြုံတွေ့ရနိုင်သည်။ လူဦးရေတိုးပွားလာခြင်းနှင့် ဒေသတွင်းစက်မှုလုပ်ငန်းများကျယ်ပြန့်စွာ ဆောင်ရွက်လာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ကာ ရာသီဥတုပြောင်းလဲမှုဖြစ်စေသည်။ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ဂေဟစနစ်များယိုယွင်းပျက်စီးမှု၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းနှင့်မြို့ပြများရှိ အမှိုက်ညစ်ညမ်းမှုတို့သည် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များတွင်  အများဆုံးကြုံတွေ့ရသည်မှာ   ရေကြီးရေလျှံမှုများဖြစ်သည်။ အောက်တိုဘာလ ၁ ရက်က သီရိလင်္ကာနိုင်ငံ၌ ရေကြီးမှုကြောင့်လူပေါင်း ၅၀၀၀ ကျော်မှာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း၊ ဗီယက်နမ်နိုင်ငံ၌ရေကြီးရေလျှံမှုကြောင့် ကိုးဦးသေဆုံးကြောင်းသိရသည်။

အောက်တိုဘာလ ၃ ရက်က ထိုင်းနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ထောင်စု ၁၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့ရသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလ ၈ ရက်က ရေကြီးမှုဖြစ်ပွား၍  လူ ၇၇ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်လည်း  အောက်တိုဘာလ ၈ ရက်က နေရာဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားရသည်ဟုပညာရှင်တို့က သုံးသပ်ထားကြသည်။ မိုးလေဝသဆိုင်ရာသတင်းအချက်အလက်နှင့် သဘာဝဘေးအန္တရာယ်ကို တားဆီးကာကွယ်ရန် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ အခြေခံအဆောက်အဦများ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်နည်းပါးခြင်း၊ ပြည်သူများအကြား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်း၊ ကြိုတင်သတိပေးချက်ကို အချိန်မဆိုင်းဘဲ လိုက်နာလုပ်ဆောင်မှု နည်းပါးခြင်းတို့ကြောင့် ဘေးအန္တရာယ်ကြုံတွေ့ရပါက ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို မည်သူမျှ တားဆီးမရနိုင်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သည်။ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့် ဖြစ်နေခြင်းနှင့်သဘာဝဘေးဆိုင်ရာကြိုတင်သတိပေးချက်များကို ပြည်သူများအချိန်နှင့် တစ်ပြေးညီသိရှိစေပြီး အချိန်မီရွှေ့ပြောင်းခြင်းများပြုလုပ်နိုင်သည်။ကြိုတင်ပြင်ဆင်မှုအား အထူးအလေးဂရုပြုဆောင်ရွက် မည်ဆိုပါက ဆုံးရှုံးမှုနည်းပါးသည်။ ဤသည်ကို မေလ ၁၄ ရက်က မြန်မာနိုင်ငံအတွင်း တိုက်ခတ်ခဲ့သော အလွန့်အလွန် အင်အားပြင်းထန်သည့် မိုခါမုန်တိုင်းဖြစ်စဉ်တွင် ဆုံးရှုံးမှုနည်းပါးခြင်းက သက်သေပြုလျက်ရှိသည်။

မြန်မာနိုင်ငံတွင်သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန်နှင့်သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှု နည်းပါးစေရေးအတွက် နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့ပူးပေါင်းကာ သစ်ပင် များစိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိသည်။ ကျွန်းစုများနှင့်ကမ်းရိုးတန်း နေဒေသခံ ပြည်သူများကို လေမုန်တိုင်းဒဏ်နှင့် ရေကြီးရေလျှံခြင်းမှ ကာကွယ်ပေးနိုင်ရန်နှင့်ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှု သက်ရောက်မှုများကိုလျှော့ချနိုင်ရန် ဒီရေတောများ၊ လေကာတန်းသစ်ပင်များ စိုက်ပျိုးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ လာပါက အချိန်မဆိုင်းဘဲ ကူညီကယ်ဆယ်မှုပြုရန် ဆောင်ရွက်ထားပြီးဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် သဘာဝဘေးအန္တရာယ်ကြုံလာပါက ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုက်ဖျက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။