အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး

အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေး(၁/၂၀၂၃)တွင် အမှာစကားပြောကြားစဉ် လက်ရှိနိုင်ငံတော်တွင် အထူးစီးပွားရေးဇုန်(၃)ခုကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို၂၀၁၃ ခုနှစ်မှစ၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကထားရမည် ဖြစ်သော်လည်း ဆက်စပ်ဆောင်ရွက်ကြရာတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စလုံး၏အကျိုးစီးပွားဖြစ်ထွန်းမှုများကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များကို  ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာစေရန်  ချိတ်ဆက်ပေးနိုင်ခြင်း၊  ကမ္ဘာ့တန်ဖိုးကွင်းဆက်(Global Value Chain))ကို အထောက်အကူ ပြုစေခြင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန် အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်းများကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် ထူထောင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၌ အထူးစီးပွားရေးဇုန် ၇၀၀၀ ခန့်ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းသန်းပေါင်း ၁၀၀ ကျော်ခန့် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ်စာရင်းများအရ သိရှိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခုဖြစ်သည်။ ဒေသတွင်းနိုင်ငံများ အကြားတွင် သတင်းကောင်းနှင့် ရပ်တည်နေသည့် ဇုန်တစ်ခုလည်းဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့်ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

ထို့ပြင် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြှုပ်နှံမှုငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ခွင့်ပြုပြီးဖြစ်သည့် မည်သည့် နိုင်ငံခြားငွေကြေးနှင့်ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ အခြားမိတ်ဖက်နိုင်ငံများ၏ တရားဝင်ငွေကြေးလဲလှယ်မှု၊  သုံးစွဲမှုများနှင့်လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ်လာသည့် အချိန်တွင် အသိပေး ပြောကြားရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ အခြားစီးပွားရေးကဏ္ဍများတွင် အထူးစီးပွားရေးဇုန်များလည်း ပါဝင်နေပေရာ ဇုန်များ၌ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရမည် ဖြစ်သည်။ သို့မှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင်  ဘက်စုံပို့ဆောင်ရေးစနစ်ကို  တွင်ကျယ်စွာအသုံးပြုနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း အထူးစီးပွားရေးဇုန်များနှင့် ဆက်စပ်ပြီး  ဘက်စုံပို့ဆောင်ရေးစနစ် အသုံးပြုနိုင်စေရန် အကောင်အထည်ဖော်ရေး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ-မန္တလေး-မူဆယ်ရထားလမ်းစီမံကိန်းကိုလည်း ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ- တရုတ်နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည်။ ထို့ကြောင့်အောင်မြင်အောင်အကောင်အထည်ဖော်ရန်လိုအပ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ်စီးပွားရေး စင်္ကြံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်သည့်အပြင် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများ တိုးတက်မှု ရရှိလာမည်ဖြစ်ပေရာ ထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။