ပူးပေါင်းဆောင်ရွက်ပြည့်အတွက်

ပူးပေါင်းဆောင်ရွက်ပြည့်အတွက်

ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍   တရားဥပဒေစိုးမိုးရန်မှာ  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုများ ကင်းစင်နေရမည်ဖြစ်သည်။ ထို့ကြောင့်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်စတင် ကျင့်သုံးသည်နှင့် ဆောင်ရွက်သည့်ကိစ္စရပ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA) ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုစာချုပ်ဆွေးနွေးညှိနှိုင်း ရေးဆွဲရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများပြုလုပ်ပြီး နိုင်ငံတော်အဆင့်သဘောတူညီချက်စာချုပ် အဖြစ် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ဖိတ်ခေါ်သည့်နေ့မှစပြီး NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့သည်။ ထိုကာလများအတွင်း အစည်းအဝေးများ၊ တွေ့ဆုံညှိနှိုင်းမှုများ စုစုပေါင်းအကြိမ် ၅၀၀၀ ကျော်ပြုလုပ်ခဲ့ကြသည်။

ထိုသို့ကြိုးစားပြီးဆောင်ရွက်မှုကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်း အသိသက်သေများရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်က Union  Accordအဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့် အချိန်မျှပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် အုပ်ချုပ်ရေးအာဏာ  များခွဲဝေထားပြီး ဖြစ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊  အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များမှာလည်း တိုင်းရင်းသားပြည်သူ တစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ အာမခံချက်များကို တန်းတူညီမျှပေးထားပြီးဖြစ်သည်။ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရနှင့် ဘာသာရေးအရ သဘောထားကွဲလွဲစရာအကြောင်းရှိမည်မဟုတ်ပေ။ လက်တွေ့ကျင့်သုံးခြင်း၊ လိုအပ်သည်များကို ဥပဒေနှင့်အညီ ပြင်ဆင်တိုးချဲ့ခြင်းတို့မှာ လက်တွေ့ကျသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမအစိုးရလက်ထက် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တာထွက်ကောင်းခဲ့ပြီး တိုင်းပြည်လည်း အထိုက်အလျောက်တိုးတက်ခဲ့သည်။ NCA စာချုပ်ကြီးပေါ်ပေါက်လာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများရရှိချိန်တွင် တိုင်းပြည်သစ္စာဖောက်အချို့နှင့် ပြည်ပနိုင်ငံအချို့က NCA မှာ လက်မှတ်မရေးထိုးရန် သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း NCA တွင်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြရန် ဖိတ်ခေါ်လျက်ရှိသည်။ ထိုသို့ဖိတ်ခေါ်ခဲ့သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ နှင့်၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း(၃)ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက်အဖြစ် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ  လွတ်လပ်၍တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဟူသည့်ဘုံ သဘောတူညီချက်(၄)ချက် ရရှိခဲ့ကြသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာ ဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်(၇၃)ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၁၆)ကြိမ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့်(၇)ကြိမ် စုစုပေါင်း(၁၂၁)ကြိမ်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ထဲထဲဝင်ဝင် ပါဝင်နိုင်ရန်အတွက် NCA တွင်လက်မှတ်ရေးထိုးရန် ကျန်သူများအနေဖြင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။