သာယာကြည်နူးကုသိုလ်ပွားများဖွယ်မြင်ကွင်း

 

သာယာကြည်နူးကုသိုလ်ပွားများဖွယ်မြင်ကွင်း

အင်းလေးကန်ဒေသရှိ ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း ၁ ရက် နံနက် ၄ နာရီတွင် အင်းလေးကန်ဒေသ၏ဖောင်တော်ဦးဘုရားပွဲဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး  နံနက် ၇ နာရီမှစတင်ကာ စံကျောင်းတော်ရှိ ဘုရားငါးဆူအနက် လေးဆူအား ကရဝိက်ဖောင်ဖြင့် ကျေးပေါခုံရွာသို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက် တစ်ဖက်တည်းဖြင့်လှော်ခတ်ကာ ချိတ်ယူပင့်ဆောင်ကြသည်။ အင်းတိန်ရွာ၌  သီတင်းကျွတ်လဆန်း၂ရက်တွင် ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်းကျွတ်လဆန်း  ၃ ရက်နှင့် ၄ ရက်တို့တွင် ဟဲယာရွာမရွာ၊ သီတင်းကျွတ်လဆန်း ၅ ရက်တွင် ငါးဖယ်ချောင်းရွာ၊ သီတင်းကျွတ်လဆန်း ၆ ရက်တွင် ကြေးစားကုန်းရွာနှင့်ပွဲစားကုန်းရွာစသည်ဖြင့် အင်းလေးကန်အတွင်းရှိရွာ အသီးသီးတွင်   ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။  ညောင်ရွှေမြို့သို့ ကြွချီတော်မူလာပြီးနောက် သီတင်းကျွတ်လဆန်း ၇ ရက်မှ ၉ ရက်နေ့အထိ စံကျောင်းတွင်ကိန်းဝပ်ကာ ဗုဒ္ဓပူဇနိယပွဲ ကျင်းပကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက်(အောက်တိုဘာလ ၂၁ ရက်)တွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊  ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်တွင်း၊  ပြည်ပခရီးသွားဧည့်သည်များ စည်ကား သိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု ဖူးမြော်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာသို့ရောက်ရှိကြရာတွင်  ဒေသခံတိုင်းရင်းသား ပြည်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၏ ကိန္နရီကိန္နရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ တိုးနရားအက၊ အင်းတိုင်းရင်းသား မီးဆုခံအက၊ ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ ရှမ်းကြီးအက စသည့် ယဉ်ကျေးမှုပဒေသာကပွဲဖြင့်လည်းဧည့်ခံ ဖျော်ဖြေကြသည်။ထို့နောက်နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဖောင်တော်ပြန် ဧည့်ရိပ်သာမှ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင်သို့ စက်လှေများဖြင့် ထွက်ခွာရောက်ရှိကြပြီး ကရဝိက်ဖောင် တော်ဖြင့်ရောက်ရှိလာသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကြသည်။  ရုပ်ပွားတော်မြတ်များမှာ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံပြီး အဋ္ဌဒိသာ ဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ပင့်ဆောင်မည့် ဘော်ယာဉ်ပေါ်သို့ အသီးသီး ပင့်ဆောင်ပူဇော်ကြသည်။

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားများ လှည့်လည်ပူဇော်ပွဲနှင့်အတူ အင်းသားရိုးရာလှေလှော် ပြိုင်ပွဲများကျင်းပသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ အမျိုးသား ရာကျော်လှေ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုး သမီး(၂၆)တက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ခြေထောက်တစ်ဖက်တည်းဖြင့် လှော်ခတ်ခြင်းမှာ အင်းသားလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ အဆိုပါပြိုင်ပွဲကိုကြည့်မြင်ရသည်မှာ တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ ပြိုင်ပွဲဝင်သူ အင်းလေးသူ၊ အင်းလေးသားတို့က ပြိုင်ပွဲအမျိုး အစားအလိုက် အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံတော် အကြီးအကဲနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်သူများက လက်ခုပ်လက်ဝါးများတီး၍ တစ်ခဲနက်အားပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းသား လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက  ရိုးရာ အိုးစည်ဗုံမောင်းများ တီးမှုတ်၍ လှိုက်လှဲနွေးထွေးစွာ ပြန်လည်ဂါရဝပြုနှုတ်ဆက်ကြသည်။ ထို့နောက်အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားခေတ္တကိန်းဝပ် စံပယ်တော်မူမည့် အဋ္ဌဒိသာ ဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ရောက်ရှိကြသည်။  အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရောက်ရှိလာမှုအား ကြိုဆိုဖူးမြော်၍ သံဃာတော်များက အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသည် ညောင်ရွှေမှ နန်းသဲရွာ၊ မိုင်းသောက်ရွာ၊ သလဲဦးရွာ၊ ကေလာရွာ၊ ဇရပ်ကြီးရွာ၊ အလိုတော်ပေါက်ရွာနှင့်နမ့်ပန်ရွာ၊ မန်ကျည်းဆိပ်ရွာ၊ ကျိုင်းခမ်းရွာ၊ မိုင်းပျိုးရွာ၊ နောင်တောရွာ၊ အင်းပေါခုံရွာနှင့်   ရေသာရွာသို့<ကချီကာ  ဗုဒ္ဓပူဇနိယပွဲများကျင်းပကြမည်ဖြစ်သည်။ 

သီတင်းကျွတ်လပြည့်ကျော် ၃ ရက် နံနက် ၈ နာရီတွင် ဖောင်တော်ဦးစံကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ကျောင်းတော်ဝင်ပွဲအား အထူးစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ခရီးသွားများနှင့် အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီ ကြွချီတော်မူခြင်း မြင်ကွင်းမှာ ကြည်နူးပီတိကုသိုလ်ပွားများဖွယ် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။