မြန်မာ့မီးရထားဝန်ထမ်းများကို ဂုဏ်ယူအသိအမှတ်ပြု

 

မြန်မာ့မီးရထားဝန်ထမ်းများကို ဂုဏ်ယူအသိအမှတ်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၂ ရက်က တောင်ကြီးမြို့ဘူတာရုံ၌ ကျင်းပပြုလုပ်သော ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားသို့  တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာ စကားပြောကြားရာတွင် တောင်ကြီးဒေသကို ဗဟိုပြုပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုရထား လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ပြည့်စုံအောင်မြင်အောင် ကြိုးပမ်းစွမ်း ဆောင်ပေးခဲ့ကြသည့် မြန်မာ့မီးရထားမှ ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရှင်သန်ရပ်တည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ကျေပွန်အောင်မြင်စွာ  ထမ်းဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထား ဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

မြန်မာ့မီးရထားအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင်တည်ရှိသည့် ရထားလမ်းကွန်ရက်တစ်လျှောက် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးနှင့်  ကုန်စည်များအား နေရာဒေသအနှံ့ ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန် မူဝါဒနှင့်အညီ စီစဉ်ပြေးဆွဲပို့ဆောင်လျက်ရှိသည်။ ယခုဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ပင်းပက်သို့အရှည် ၁၀ ဒသမ ၇၈ မိုင်ကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လမ်းပိုင်းတွင် အဓိကကျသည့် ရွှေညောင်-တောင်ကြီးအကြားရထားလမ်းပိုင်းကို ရထားလမ်း ကွေ့နှင့် ဆင်ခြေလျှောပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ခရီးသည်နှင့်ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန် ပြည့်သယ်ယူပို့ဆောင်နိုင်ရန် ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းတွင် ခရီးမိုင် ၄၁ ဒသမ ၁၆ မိုင် တံတားကြီး၊ တံတားငယ် ၁၂၉ စင်းနှင့်ဘလောက်ဘူတာ ၉ ဘူတာပါဝင်သည်။ ထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်ထားသည့် ရထားလမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသောဘဝသံသရာ ရထားလမ်းနှင့် တံတားပုံစံအတိုင်း ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။  ယခုကဲ့သို့ ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ် နိုင်ခဲ့သည့်အတွက် မီးရထားလမ်းကြောင်းမှ ဒေသထွက် ကုန်စည်များကို ကုန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ပေး နိုင်မည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သော ရထားပို့ဆောင်ရေးကို အသုံးပြုခြင်းဖြင့် တောင်တန်းဒေသ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့်ဒေသတွင်းလူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သမိုင်း၏ အထင်ကရဇာတ်ကောင်တစ်ဦးဖြစ်ပြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေး (Public Transport)နှင့်ပတ်သက်လာပါက ပထမဦးဆုံးနှင့် ရှေးအကျဆုံး  Transport Mode တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်ရထားစတင်ပြေးဆွဲခဲ့သည်မှာ နှစ်ပေါင်း(၁၄၆)နှစ်ကျော်သက်တမ်း ရှိခဲ့ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်သည့်နိုင်ငံလည်းဖြစ်သည်။

ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသည့်လုပ်ငန်းဖြစ်သည်။ ရထားသည် ကားနှင့်နှိုင်းယှဉ်ပါက ခရီးသည်နှင့်ကုန်စည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သည့်အတွက် ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်နေသည့် မြို့ကြီးများ၌  မဖြစ်မနေအားထားအသုံးပြုနေရသည့်  အားသာချက်ကြောင့် ရထားလုပ်ငန်းဆက်လက် ရှင်သန်နိုင်ရေးအတွက် နိုင်ငံအစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် ပံ့ပိုးထောက်ကူ ပေးထားကြောင်းကိုလည်း တွေ့ရမည်ဖြစ်သည်။ထို့ကြောင့်နိုင်ငံတော် အကြီးအကဲက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးစွမ်းစွမ်းတမံ ထမ်းဆောင်နေသည့် မြန်မာ့မီးရထား ဝန်ထမ်းအားလုံးကို ဂုဏ်ယူ အသိအမှတ်ပြုကြောင်း ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်အစိုးရ လက်ထက်မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ပြည်သူများအတွက် လိုအပ်မည့် စီမံကိန်းအသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ သည်။  ပြည်တွင်းအင်ဂျင်နီယာ ပညာရှင်များကို အဓိကအားထား အသုံးပြုပြီး နည်းပညာများ တိုးတက်လာ အောင် ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင် ရွက်ရန်၊ စက်ခေါင်းနှင့် တွဲများတည်ဆောက်ရေးအတွက်  လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို တဖြည်းဖြည်း လျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်နိုင်ရန် သုတေသနပြု၊ နည်းပညာများ လေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန်များကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပြီးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့အတွက် အားထားရသည့် မြန်မာ့မီးရထားလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။