မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာတည်တံ့ခိုင်ခံ့ပါစေ

 

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာတည်တံ့ခိုင်ခံ့ပါစေ

မြန်မာတို့၏ယဉ်ကျေးမှုသည် အလွန်ပင်တန်ဖိုးကြီး အဆင့်မြင့်မားလှသည်။ ရှေးယခင်ခေတ်စနစ်ပေါင်း များစွာကတည်းက ဖြစ်တည်တိုးတက်လာသော အမွေအနှစ်ကောင်းများဖြစ်၍ ကမ္ဘာ့အလယ်တွင် ကြံ့ကြံ့ခံရပ်တည်နိုင်ဆဲ ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့သည် အနုပညာကို ကောင်းစွာခံစား နားလည်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ မြန်မာတို့၏ဂန္ထဝင်ဂီတ၊ ပြဇာတ်၊ ကဗျာ၊ ပန်းချီ၊ ပန်းပုလက်ရာများသည် မြန်မာတို့အတွက် အဓိပ္ပာယ်ရှိသော ဂုဏ်ဒြပ်များ၊ မြန်မာတို့၏ယဉ်ကျေးမှုအရင်းအနှီးများအဖြစ် ဖော်ညွှန်းထားပြီးလည်းဖြစ်သည်။ အမွေအနှစ်အရင်းအမြစ်ဟူသည် တိုင်းပြည်တစ်ပြည်၏ကြေးမုံပြင်ဖြစ်၍ ဆက်ခံရမည့်ဝတ္တရားရှိသလို လုံခြုံအောင်လည်း စောင့်ရှောက်ရမည်၊ တည်တံ့အောင်လည်း ထိန်းသိမ်းရပေမည်။

လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏သမိုင်းနှင့် ထိုလူမျိုး၊ ထိုနိုင်ငံ၏ယဉ်ကျေးမှုသမိုင်းသည် အတူယှဉ်တွဲ၍ ပါလာသည့်အတွက် ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားနိုင်သည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အမှတ်အသား အသက်ဝိညာဉ်လည်း ဖြစ်သည့်အတွက် ယဉ်ကျေးမှုသမိုင်းမရှိသော လူမျိုးကို အဓိပ္ပာယ်မဲ့သောလူမျိုးဟုပင် သတ်မှတ်ကြသည်။ ထို့ကြောင့် ကိုယ်စီယဉ်ကျေးမှုစနစ်များကို အရှည်တည်တံ့အောင် လုပ်ဆောင်ကြရသည်။ မြန်မာတို့ယဉ်ကျေးမှုထဲကို ပြည်ပယဉ်ကျေးမှု သို့မဟုတ် သရုပ်ပျက်ယဉ်ကျေးမှုများ စိမ့်မဝင်အောင် ကာကွယ်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပပေးလျက်ရှိသည်။ ယခုနှစ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ ၃၁ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံနှင့် နေပြည်တော် မြို့တော်ခန်းမတို့တွင် ကျင်းပနေပြီဖြစ်သည်။

အဆိုပါ(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် သတ်မှတ်ထားသောဦးတည်ချက်(၄)ရပ်မှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူ၍ဖြစ်သည်။

ယခုအခါ ဗဟိုအဆင့် ယဉ်ကျေးမှုပြိုင်ပွဲကြီးက မြန်မာတို့၏ယဉ်ကျေးမှုအသိဉာဏ်ကို နောင်လာနောက်သား နောင်မျိုးဆက်များအထိ အကောင်းဆုံးလက်ဆင့်ကမ်းလျက် ရှိနေမည်ဖြစ်သည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ် အထွန်းကားဆုံးနိုင်ငံတစ်နိုင်ငံမှာ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်သုခုမ အနုပညာရပ်များ မည်သည့်နည်းနှင့်မျှ မတိမ်ကောမပပျောက်ရန်ဖြစ်သည်။ အထူးသဖြင့် ပညာရေးနှင့် မျိုးချစ်စိတ်က အခြေခံဖြစ်သည်။ ပညာရေးအခြေခံမှ အနုပညာဗီဇကို သွတ်သွင်းထားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ရေးမှာလည်း မျိုးချစ်စိတ်အပေါ်တွင်အခြေခံသည်။ မျိုးချစ်စိတ်ရှိမှသာ မိမိနိုင်ငံ၊ မိမိလူမျိုးချစ်စိတ်နှင့်အတူ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအနုသုခုမပညာများကို မြတ်နိုးတတ်၊ ခင်မင်တွယ်တာတတ်လာပါမည်။ သို့မှသာ မိမိတို့၏ အနုပညာယဉ်ကျေးမှုအုတ်မြစ်ကြီး အစဉ်တည်တံ့ခိုင်မာနေမည် ဖြစ်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှု အလွယ်တကူဝင်ရောက် မထိုးဖောက်အောင် ကာကွယ်နိုင်ပေမည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများအနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံးပါဝင်ဆောင်ရွက် ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေး အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး လူငယ်လူရွယ်များအပါအဝင် မျိုးချစ်စိတ်၊ ဇာတိမာန်ပြန်လည်ထွန်းကား လာစေချင်သည်။ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့်မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပြန်လည်ထွန်းကား လာစေချင်သည်။ လူငယ်ထု၏စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းစေချင်သည်။ ထို့ကြောင့် မိမိတိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည့် အစိုးရအဆက်ဆက်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပနေခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် (၂၄)ကြိမ်မြောက်မှသည် အကြိမ်ပေါင်းရာထောင် သောင်းမက တည်တံ့ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။