အိမ်ဖြူတော်အနီး၌ ပစ်ခတ်မှုဖြစ်၊ ထရမ့်၏သတင်းစာရှင်းလင်းပွဲ ခေတ္တဆိုင်းငံ့ရ

ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်အနီး၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အိမ်ဖြူတော်အတွင်းရှိ သမ္မတ ဒေါ်နယ် ထရမ့်၏သတင်းစာရှင်းလင်းပွဲ ခေတ္တဆိုင်းငံ့ လိုက်ရကြောင်းသိရသည်။

အသက် ၅၁ နှစ်ရှိအမျိုးသားတစ်ဦးသည် သြဂုတ် ၁ဝ ရက် ညနေ ၅ နာရီ မိနစ် ၅ဝ ခန့်တွင် အိမ်ဖြူတော်အနီးရှိ အမှတ်(၁၇)လမ်းနှင့် ပန်ဆယ်ဗေးနီးယားရိပ်သာလမ်း ထောင့်၌ တာဝန်ထမ်းဆောင်နေသော လုံခြုံ ရေး တာဝန်ရှိသူ တစ်ဦးထံသို့ ချဉ်းကပ်ကာ ၎င်းတွင် သေနတ်ပါသည်ဟု ပြောကြောင်း လုံခြုံရေးတပ်ဖွဲ့မှူး  သောမတ်ဆူ လီဗန်က အတည်ပြုပြောသည်။

ထို့နောက် ယင်းအမျိုးသားသည် လုံခြုံ ရေးတာဝန်ကျထံသို့ပြေးလာကာ   ၎င်း၏အင်္ကျီအတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူ ဟန်လုပ်ကြောင်း၊  ၎င်းက သေနတ်ပစ်မည့် ဟန်ပြင်သောပုံစံလုပ်စဉ် လုံခြုံရေးတာဝန် ကျက သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း သောမတ်ဆူလီဗန်ကပြောသည်။ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ လုံခြုံရေး တာဝန် ကျသူနှင့်   ပစ်ခတ်ခံရသူတို့ကို ဆေးရုံသို့ခေါ်ဆောင် သွားကြောင်းနှင့်ပစ်ခတ်ခံရသူ တွင် အမှန်တကယ် လက်နက်ပါခြင်းရှိ၊  မရှိကို သောမတ်ဆူလီဗန်က ထုတ်ဖော်ပြော ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ်တွင် အိမ်ဖြူတော်၌ သတင်းစာ ရှင်းလင်းပွဲလုပ်နေသော ဒေါ်နယ်ထရမ့်ကို လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက လာရောက်ခေါ်ဆောင်သွားပြီး ပစ်ခတ်မှုပြီးမှသာ သတင်းစာရှင်းလင်းပွဲ ကိုပြန် လုပ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ရ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးများ၏ လုပ်ဆောင်မှုကို ထရမ့်ကချီး ကျူးကြောင်း သိရသည်။