ပြည်သူကို အထောက်အကူပြုမည့် သတင်းမီဒီယာ

 

ပြည်သူကို အထောက်အကူပြုမည့် သတင်းမီဒီယာ

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီလမ်းကြောင်း တည့်မတ်အောင်မြင်စွာ  လျှောက်လှမ်းစေရန်အတွက် လည်းကောင်း၊ စစ်မှန်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် လည်းကောင်း၊ တိုင်းရင်းသား ပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်နှင့် ကောင်းမွန်သောပစ္စုပ္ပန်ကို အစိုးရနှင့်ပြည်သူ တစ်ရပ်လုံး  ပူးပေါင်းလက်တွဲ တည်ဆောက်နေပါသည်။ ထိုသို့တည်ဆောက်လျက်ရှိရာတွင် နိုင်ငံတစ်နိုင်ငံအတွက် သတင်းမီဒီယာများ၊ သတင်းဌာနများသည် ဖြောင့်မတ်မှန်ကန်သောဂုဏ်သိက္ခာဖြင့်  ရပ်တည်နေကြရမည်ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နှင့်အတူ သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်ကြရမည်ဖြစ်သည်။

          မြန်မာနိုင်ငံတွင်သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သတင်းမီဒီယာသမားတစ်ဦးသည် သတင်းတိုင်းအချက်အလက်တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံစေရန်စိစစ်ခြင်း၊ သတင်းဓာတ်ပုံနှင့် အရုပ်အသံများဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍  မလျော်ကန်သောပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှရှောင်ကြဉ်ခြင်း၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော  လှုံ့ဆော်ရေးသားမှုမှရှောင်ကြဉ်ခြင်း အစရှိသော ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။

           မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြည့်အဝရရှိစေရန်နှင့်  နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်တို့အပြင် သတင်း မီဒီယာများကို အရည်အသွေးမြှင့်တင်ပေးရန်နှင့် သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင်အချို့သောမီဒီယာသမားများနှင့် သတင်းဌာနများ သည် သဘောထားရိုးဖြောင့်မှု မရှိဘဲ နိုင်ငံတော်နှင့်ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန် ရည်ရွယ် ချက်ရှိရှိဖြင့် ကြံစည်ဆောင်ရွက်မှု၊ လှုံ့ဆော်မှုအချို့ကိုလည်းကောင်း၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့အပေါ် ပုတ်ခတ်မှုများကိုလည်းကောင်း ဆောင်ရွက်လျက်ရှိနေသည်။

ထိုကဲ့သို့ဆောင်ရွက်မှုသည် သတင်းမီဒီယာကဏ္ဍ၏မှန်ကန်သော ရပ်တည်မှုကို ထိခိုက်လာနိုင်သောကြောင့် အဆိုပါလုပ်ရပ်များကို တားမြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုကြောင့်  နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကူညီဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာချက် တစ်ရပ်ကို အောက်တိုဘာလ၂၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားတိုင်းလွတ်လပ်စွာ ရေးသားထုတ်ဝေဖြန့်ချိခွင့် ရှိသည့်သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ဆောင်ရွက်နေခြင်းဖြစ်သည်။

မဟုတ်မမှန်လုပ်ကြံသတင်းများ၊ သတင်းမှားများလျော့နည်းစေရေးနှင့်  သတင်းမှန်များဖြင့် ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေးသည် ပြည်သူများလိုလားနေသော ဆန္ဒအစစ်အမှန်ဖြစ်သည်။ သတင်းတု၊ သတင်းအမှား ပုံဖော်ထုတ်လွှင့်မှုများကြောင့် မိမိတို့၏သားသမီးများလမ်းမှားသို့ရောက်ရှိကာ  အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်။ ထိုထိုသောလူငယ်မောင်မယ်များကြောင့် မိဘဆွေမျိုးအသိုင်းအဝိုင်းတို့ပူပန်သောက များစွာဖြစ်ကြရသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အပါအဝင်  အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ပေးထားသည်။

ထိုသို့ထုတ်ပြန်ပေးထားသည့်အတွက် ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်လာမှုများမှာ များပြားလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများ ထံပြန်လည် လွှဲပြောင်း ပေးအပ်သည့်အတွက် မိဘများ၏ ဝမ်းသာမှုများ ပြောဖွယ်ရာ မရှိတော့ပေ။ လက်နက်ခဲယမ်းပါရှိမှု အတွက် သတ်မှတ်ကြေညာထားသည့် နှုန်းထားများအတိုင်း ချီးမြှင့်ပေးလျက်ရှိသည်။ ထိုသို့မှန်မှန်ကန်ကန် နွေးနွေးထွေးထွေး ဆောင်ရွက်နေမှုများကို သတင်းမီဒီယာများက တိကျမှန်ကန်စွာ ဖော်ပြသင့်ပါလျက် မြန်မာ နိုင်ငံပျက်စီးရေးကို မြင်တွေ့လိုသည့် သတင်းမီဒီယာများအနေဖြင့် ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအားကြိုဆိုခြင်း၊ ဂုဏ်ပြုဆုပေးခြင်း၊ မိဘများထံစနစ်တကျအပ်နှံပေးခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို စိစစ် မေးမြန်းရာတွင်  တူညီသောအချက်မှာ သတင်းအမှားများကိုယုံကြည်လက်ခံမိခဲ့သည့်အတွက်  လမ်းမှား ရောက်ရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူကိုဗဟိုပြုပြီး  ပြည်သူများအတွက် အထောက်အကူပြု မည့်သတင်းမီဒီယာများ ဖြစ်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။