ထိန်းသိမ်းစို့လေ ရိုးရာအမွေ

 

ထိန်းသိမ်းစို့လေ ရိုးရာအမွေ

ကမ္ဘာ့နိုင်ငံအသီးသီး၌ရှိကြသည့် လူမျိုးတိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးစံ အမွေအနှစ်များ ရှိကြစမြဲဖြစ်သည်။ မြန်မာတိုင်းရင်းသားများတွင်လည်း မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ ထင်ရှားခိုင်မာစွာရှိပြီးဖြစ်သည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် မြန်မာ့မူ၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘွားအစဉ်အဆက်က ဖန်တီးပုံဖော်တည်ဆောက် ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သည်။ မိမိတို့၏ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်သည်။ အမျိုးသားရေးအားမာန် ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက် ထိပါးလာကြမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၄ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-II ၌ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှ  တွေ့ရှိခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့်သမိုင်းကြောင်း တစ်လျှောက်တွင် ဘာသာတရားဆိုင်ရာအဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင် ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာနေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာ တွေ့ရှိရပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့်အစဉ်အလာ၊ အမျိုးသားရေး စံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်ကအလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုသို့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေးအားထုတ်မှုတစ်ရပ်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ပြိုင်ပွဲအမျိုးအစားများကို အရေအတွက်အရရော၊ အရည်အသွေးအရပါ တစ်နှစ်ထက်တစ်နှစ်တိုးမြှင့် စီစဉ်ပေးလျက်ရှိသည်။ ယခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့၏ စိတ်ဆန္ဒအလျောက် မြန်မာ့အနုပညာကို စိတ်ပါဝင်စားမြတ်နိုးသူများ တိုးပွားလာမှု၊ မိဘပြည်သူများ၏အားပေးမှု၊ နိုင်ငံတော်၏ အားပေးချီးမြှင့်မှု၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ၏ ထောက်ပံ့ကူညီမှုတို့ကြောင့် ယခင်နှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲထက် ပြိုင်ပွဲဝင်ဦးရေတိုးတက်များပြားလာသည်မှာ အားရကျေနပ်ဖွယ်ကောင်းလှသည်။

ယနေ့အချိန်အခါကဲ့သို့ သတင်းအချက်အလက်နှင့် နည်းပညာများ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် အခြေအနေတွင် ယဉ်ကျေးမှုတစ်သားတည်းဖြစ်ခြင်း၊ ယဉ်ကျေးမှုနှစ်ခြမ်းကွဲခြင်းနှင့် ယဉ်ကျေးမှုမျိုးကွဲများ ပေါင်းစပ်ခြင်းတို့ကို နိုင်ငံအသီးသီး ကြုံတွေ့နေရပြီဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည် ဟူသောစကားကို သတိတရရှိနေကြရမည်ဖြစ်သည်။ ပြည်သူအားလုံးနှင့်အနုပညာရှင်များ၊ လူငယ်လူရွယ်များ အားလုံးအနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးတိုးတက်စည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ဆက်လက်ရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာတို့၏ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့်အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ဝင့်ထည်စွာ တည်တံ့စေရေးအတွက် ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှု အဆင့်အတန်းအစဉ်ထာဝရ မြင့်မားစေရအောင် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မိဘ၊ ဘိုးဘွားဘီဘင်အစဉ်အဆက်က လက်ဆင့်ကမ်းပေးထားသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို သား၊ မြေး၊ မြစ်၊ တီ၊  တွတ်၊ ကျွတ်၊ ဆက်တို့လက်ထက်သို့တိုင် ဆက်လက်လက်ဆင့်ကမ်း နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။