MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်)

    နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ရေခံမြေခံပထဝီ အနေအထားနှင့် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး အေးချမ်းသာယာ စည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျသည့် သော့ချက်ဖြစ်သည်။ နိုင်ငံအတွက် စီးပွားရေး ဦးမော့လာစေရန်အတွက် ဦးစားပေး လုပ်ဆောင်ရမည့်လုပ်ငန်း ကဏ္ဍပေါင်းများစွာ ရှိသည့်အနက်  MSME  များကို အားပေးမြှင့်တင်ခြင်းသည် အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ်ပါဝင်နေသည်။ MSME  များသည် စီးပွားရေး လုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။

  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံရေး ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါမျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ခဲ့ကာ အကောင်အထည်ဖော်လျက်ရှိသည်။

    စီးပွားရေး ဦးတည်ချက်(၃)ရပ်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” နှင့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME  စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး”ဆိုသည့်အချက်များလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော စားသုံးဆီ၊ ဆန်နှင့်ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ၊ဝါ၊ ကော်ဖီ၊ လက်ဖက်လုပ်ငန်းများ၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့်  ထုတ်လုပ်မှုလုပ်ငန်းများနှင့် မွေးမြူရေးအသား၊ ငါးကိုအခြေခံသည့် ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

    အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ရှိသည့် MSME  လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ (၂၃)ကြိမ်၊ ဒုတိယဝန်ကြီးချုပ်အနေဖြင့် MSME  လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ(၄)ကြိမ်ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များမှ ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြကြပြီး အဆိုပါတင်ပြချက်များကို ခြုံငုံကြည့်ပါကအများအားဖြင့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့်မြေနေရာ လိုအပ်ချက်များကို အများဆုံး တင်ပြခဲ့ကြကြောင်း သိရှိရသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အသေးစား၊ ငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး(၂/၂၀၂၃) သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် “မိမိတို့မြန်မာ့ MSME  များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများနှင့် အခြားသော အခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား သွားရမည်ဖြစ်ပြီး ရှိနေသည့် အခွင့်အရေးများကိုလည်း အရယူပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်း များကိုပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME  များမှ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည် တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အခြေခံလူသုံးကုန် ပစ္စည်းများ ပြည်တွင်း လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း အချိန်မီရောက်ရှိမှသာ ကုန်ထုတ်လုပ်မှုကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

    နိုင်ငံတကာတွင်လည်း MSME  လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရပေရာ မြန်မာနိုင်ငံအနေဖြင့် စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် MSME  လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီလျက်ရှိသည်။ ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင် ရှိသည့် MSME  လုပ်ငန်းများက ပိုမိုထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ MSME  လုပ်ငန်း ၃၆ ခုမှ အမှာစာ ကုန်ကြမ်းပစ္စည်း အမျိုးပေါင်း ၃၃ ခုကို ကာလတန်ဖိုးကျပ်သန်း ၆ ဒသမ ၅၆၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ သန်းကျော် ထုတ်ကုန်ပစ္စည်းဈေးကွက် ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။ ဤသည်မှာ MSME  လုပ်ငန်းများ၏ အောင်မြင်မှုခြေလှမ်း တစ်ရပ်အဖြစ် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။