နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး

 

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်းလုံး  အကြားအလပ်မရှိဖွံ့ဖြိုးတိုးတက် စေရန်ဆောင်ရွက်လျက်ရှိသည်။ ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့်ကျေးလက်၊ တောင်တန်းနှင့်မြေပြန့်ဒေသ များအကြား  ကွာဟမှုလျှော့ချရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏မည်သည့် နေရာတွင်မဆို တူညီသောဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိနိုင်စေရန် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။

နယ်စပ် ရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို လိုက်နာလျက် နယ်စပ်ဒေသများနှင့် ဝေးလံခေါင်ဖျားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းထားရှိသည်။ ဝန်ကြီးဌာနသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)နှစ်ကျောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ထားပါသည်။ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၆)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်း သဘင်ခန်းမ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် သင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ လည်းကောင်း ကျင်းပခဲ့ကြသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင်  ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဂရီကောလိပ်များမှ ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့်ဒေသ ဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်စေရန်ဟု လမ်းညွှန်မှာကြားချက်အရ သင်တန်းဆင်းမောင်မယ်များကို အဆိုပါလမ်းညွှန်ချက်နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့တွင် တာဝန်ပေးခန့်အပ်မည်ဖြစ်သည်။ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့ကို  တည်ထောင်ဖွင့်လှစ်ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါကျောင်းဆင်းတိုင်းရင်းသားလူငယ်များမှာ ဝန်ကြီးဌာနအသီးသီးတွင် ကျရာကဏ္ဍမှ နိုင်ငံ့တာဝန်များ ထမ်းဆောင်လျက်ရှိကြသည်။ တစ်ဖက်က နိုင်ငံ့တာဝန်များကိုထမ်းဆောင်ရင်း နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်ဖြစ်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန် ဆိုသည့်အတိုင်း အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသင်ယူလျက်ရှိရာ ယနေ့အချိန်ထိ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ Ph.Dဘွဲ့၊ B.E ဘွဲ့၊ M.E ဘွဲ့နှင့် B-Tech ဘွဲ့ရလူငယ်များကို ယင်းကျောင်းနှစ်ကျောင်းမှ မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ လူငယ်မောင်မယ်တို့အနေဖြင့် အားကျအတုယူကာ ဆက်လက်ကြိုးစားရမည့် စံနမူနာကောင်းဖြစ်သည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမည်ဖြစ်သည်။ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးသည်  နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီး အရေးကြီးသည့်အခန်းကဏ္ဍ တစ်ခုဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ သင်ကြားပေးလိုက်သော ပညာရပ်များဖြင့် ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ဇွဲ၊  လုံ့လ၊ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုများဖြင့် ကြိုးစားကျင့်ကြံ၍ နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် နေထိုင်ကြရမည်ဖြစ်သည်။  သို့မှသာ မိမိတို့၏ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးများ ပိုမိုအောင်မြင်လာမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။