ခမ်းခမ်းနားနားထည်ထည်ဝါဝါ

ခမ်းခမ်းနားနားထည်ထည်ဝါဝါ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်)

    မြန်မာတို့၏ယဉ်ကျေးမှု သမိုင်းကြောင်းနှင့် ပတ်သက်လာလျှင် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံရွှေတိဂုံ ဆံတော်ရှင်စေတီတော်ကြီးသည် လည်းကောင်း၊ ပျူခေတ်၌ တည်ရှိရစ်သော ဟန်လင်းကြီး၊ သရေခေတ္တရာ၊ ဗိဿနိုးစသော ရှေးဟောင်းမြန်မာမြို့တော်များသည် လည်းကောင်း၊ ပုဂံမြို့ရှိ ပုဂံခေတ်ကတည်းက တည်ထားရစ်သော သဗ္ဗညုစေတီတော်၊ အာနန္ဒာစေတီတော်၊ ဗူးဘုရား၊ ရွှေစည်းခုံစေတီတော် စသောစေတီပုထိုးများသည် လည်းကောင်း မြန်မာ့ယဉ်ကျေးမှုရှေးဟောင်း အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများအဖြစ် ထင်ရှားစွာ သက်သေပြလျက်ရှိသည်။  ဤသည်မှာ  မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုမည်မျှမြင့်မားကြီးကျယ် ခမ်းနားလျက်ရှိသည်ကို သက်သေပြနေခြင်းဖြစ်သည်။

မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု အသီးသီးတို့သည် အရှေ့တောင်အာရှ၌ လည်းကောင်း၊ အာရှတိုက်၌ လည်းကောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး အလယ်၌ လည်းကောင်း တသီးတခြား ဖြစ်တည်နေပြီး ထူးခြား၍ ခမ်းနားလှသော ဂုဏ်သိက္ခာတရားတို့နှင့် ပြည့်စုံကြွယ်ဝလှကြောင်း ဤသမိုင်းယဉ်ကျေးမှု အထောက်အထားများက အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိသည်။ မြန်မာလူမျိုးများသည် မိမိတို့၏ သီးခြားဂုဏ်သိက္ခာရှိသော ယဉ်ကျေးမှု အသီးသီးတို့ကို  အဓွန့်ရှည်အောင် ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ကြရမည်ဖြစ်သည်။ ခေတ်သစ်တစ်ခု တည်ဆောက်ကြရာ၌ လည်းကောင်း၊ စနစ်သစ်တစ်ခု တည်ဆောက်ကြရာ၌ လည်းကောင်း ရှိခဲ့ပြီးသော တိုင်းပြည်၏အခြေအနေ၊ လူမျိုး၏ရိုးရာဓလေ့ ထုံးစံ၊ အခိုင်အမာ တည်ရှိပြီးဖြစ်သော ယဉ်ကျေးမှုတို့ကို ချန်လှပ်ထား၍မဖြစ်နိုင်ပေ။ ခေတ်အလျောက်ကျရောက်လာသော ယဉ်ကျေးမှု တာဝန်များကို ကျေပွန်သည်ထက် ကျေပွန်အောင် ထမ်းဆောင်ကြရင်း   ယဉ်ကျေးမှု အသီးအပွင့်ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုများတွင် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို တိမ်ကောပပျောက်ခြင်း မရှိအောင် ထိန်းသိမ်းကြရမည်မှာ မျိုးဆက်သစ်အဆက်ဆက်တို့၏ တာဝန်ဖြစ်သည်။ မိဘ၊ ဘိုးဘေးဘီဘင် အစဉ်အဆက်က ပြုစုထိန်းသိမ်းထားရှိခဲ့သော   ယဉ်ကျေးမှုအစုစုကို  မျက်မှောက်ပစ္စုပ္ပန် လောကမှစ၍ အနာဂတ်သို့တိုင်အောင် သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက်တို့လက်ထက်သို့ ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး လူငယ်လူရွယ်များ အပါအဝင်မျိုးချစ်စိတ်၊ ဇာတိမာန်  ပြန်လည်ထွန်းကား လာစေချင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာများ ပြန်လည်ထွန်းကားလာစေချင်သည်။ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပြန်လည်ဖော်ထုတ် နိုင်စေချင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ် ပြန်လည်ထွန်းကားလာစေချင်သည်။ လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုဖြစ်ထွန်းစေချင်သည်။ ထို့ကြောင့် ပထမအကြိမ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်း အမျိုးသားဇာတ်ရုံ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပကာ စတင်ခဲ့သည်။

၁၉၉၃ ခုနှစ်မှစတင်ကာ   ၂၀၁၆ ခုနှစ်အထိ  (၂၂) ကြိမ်တိုင် ကျင်းပခဲ့ပြီး  ငါးနှစ်ကျော်ကာလ ရပ်နားထားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် (၂၄)ကြိမ်အဖြစ် လည်းကောင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးခဲ့သည်။ ဂီတဆိုသည်မှာ လူတို့၏ခံစားချက် အရပ်ရပ်တို့ကို လူတို့၏အသံ၊ လူတို့ပြုလုပ်ဖန်တီးသော ပစ္စည်းကိရိယာများမှ ထွက်ပေါ်လာသော အသံတို့ဖြင့် အနိမ့်အမြင့်၊ အတက်အကျ၊ အတိုးအကျယ်၊ အဆွဲအငင်စသော အနုပညာ စည်းစနစ်များအရ သီကုံးစပ်ဆိုထားသည့် နာရီအချိန် ညီညွတ်မှန်ကန်စွာ  ရွေ့လျားနေသော အသံအဖွဲ့အစည်းကို ခေါ်ဆိုခြင်းဖြစ်သည်။   မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှုဂီတသံသည် အစီအစဉ်မကျ၊ ပရမ်းပတာဖြစ်ချင်တိုင်းဖြစ်၊ မြည်ချင်တိုင်းမြည်နေသော စည်းကမ်းမဲ့အသံများ မဟုတ်ပေ။ နားဝင်ငြိမ့်ညောင်း၍ နားထောင်ကောင်းသည့် အရာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၃၁ ရက်တွင်ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ် “ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ခြင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အကြား သွေးစည်းချစ်ကြည်မှု ပိုမိုရရှိအောင် ကြိုးစားနိုင်ကြပါစေကြောင်းနှင့် ရရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြင့်မားအောင် ကြိုးပမ်းစွမ်းဆောင် နိုင်သူများဖြစ်ကြပါစေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးလျက်ရှိပေရာ အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ်လူငယ် မောင်မယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစား တန်ဖိုးထားပြီး နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။