အမျိုးသားရေးထက် အရေးကြီးတာဘာမှမရှိ

 

အမျိုးသားရေးထက် အရေးကြီးတာဘာမှမရှိ

မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသကဲ့သို့ ရှုပ်ထွေးမှုများ ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှု များလည်းရှိနိုင်သည်။ နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့် နိုင်ငံရေးလမ်းစဉ်များကို ထိုအချိန်က အမျိုးသားရေးနှင့် နိုင်ငံရေး ဦးဆောင်နေသည့် ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။ လွတ်လပ်ရေးရပြီးချိန် တွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့မှုများရှိသည်။

မြန်မာနှင့်အမေရိကန်သည် ရန်ဘက်နိုင်ငံများမဟုတ်၊ စစ်ဖြစ်ပွားဖူးခြင်းလည်းမရှိပေ။ အရှေ့ တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင် ပတ်သက်မှုမရှိခဲ့ပေ။ သို့သော်ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံအကြောင်းအရာ ရှိသည်။ အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO  အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်သည်။ ၁၉၇၇ ခုနှစ် ဇွန်လ မှာ ၎င်းအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြည်နယ်များ ခွဲထွက်ခွင့်အပေါ်မူတည်၍ ၁၉၆၁-၁၉၆၂ ခုနှစ်တွင်ဖြစ်လာသည့် ပြည်နယ်များ၏တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကိုသဘောပေါက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းင်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ယင်းကဲ့သို့မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့်အကြောင်းအရာပင်ဖြစ်သည်။ ယခုလက်ရှိ အခြေအနေတွင်လည်း အမေရိကန် ဦးဆောင်သောအုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌   ၎င်းတို့လိုလားသော  အစိုးရ/အုပ်စုအာဏာရရှိရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခြင်း ဖြစ်သည်။ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။  အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေသည်။ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားစသောနိုင်ငံများသည်  သမိုင်းအစဉ်အလာအရ  ရင်းနှီးသောမိတ်ဆွေနိုင်ငံများဖြစ်သည်။ သို့သော် အမေရိကန်၏သြဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ပေ။

မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့်  လက်တွဲဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများ၌ ငွေကြေးစနစ်တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေးစနစ် အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာကအလေးထားလာသကဲ့သို့  နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဆောင်ရွက်နေသည်။ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံ များနှင့် ပိုမိုချစ်ကြည် ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် ၂ ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ကိုချမှတ်ထားသည်။ NCA နှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲတွင် ထည့်သွင်းထား သည်။ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့် အစိုးရအား  နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေး  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထားပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် တိုင်းသိပြည်သိ အာမခံထားပါသည်။ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်သည်။

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို ယခုထက်ပိုမိုကောင်းမွန်စေလိုလျှင် ပိုမို ပူးပေါင်း ဆောင်ရွက်သင့်သည်။ အကြမ်းဖက် အဖွဲ့အစည်းများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးသွားနိုင်သည်။ အနှစ်ချုပ်ဆိုရသော် အမျိုးသားရေးထက် အရေးကြီးတာ ဘာမှမရှိဆိုသည့်အတိုင်း မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားသည်သာ အဓိကအဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။