ကောင်းကျိုးမပေး မူးယစ်ဆေး

 

ကောင်းကျိုးမပေး မူးယစ်ဆေး

လူငယ်များနှင့်ပြည်သူတစ်ရပ်လုံးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁^၂၀၂၃)ကို အောက်တိုဘာလ ၂၅ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့သည်။ မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့်ပြဿနာဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်းရှိ လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းရာတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့သည် လွန်စွာ အရေးကြီးလှသည်။

မူးယစ်ဆေးဝါးမှုခင်းများသည် လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နှောင့်ယှက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်အဖြစ်အသုံးပြုပြီး နေပြည်တော်ကောင်စီနယ်မြေနှင့်တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မိမိဒေသနှင့်ကိုက်ညီမည့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုလုပ်ငန်းစီမံချက်များအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိရာ ဖမ်းဆီးရမိမှုများမှာလည်း များပြားလှသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင်   လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug)ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှု များမှာ အဓိက ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး ၃၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation ၃၉ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်အထိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီဆေးပြား၊ Happy Water အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ထိန်းချုပ်ထားခြင်း မရှိသည့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်)ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့ အခြေစိုက်နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော UNODC၊ AFP၊ DEA၊ NNCC၊ ONCB တို့နှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်(New Drug Policy)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့များအနေဖြင့် စီမံချက်ပါလုပ်ငန်း များ၊ လုပ်ငန်းအဖွဲ့များအလိုက် ချမှတ်ထားသည့်တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။ အထူးသဖြင့် လူငယ်များနှင့်ပြည်သူလူထုတစ်ရပ်လုံးအတွက် မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်၏တာဝန်များကို ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ ထိုလူငယ်များအားလုံးသည် ပညာသင်ကြားချိန်မှစ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်သည်အထိ ဗလငါးတန်နှင့်ပြည့်ဝနေကြရမည်ဖြစ်သည်။ ကာယဗလဟူသော ကိုယ်ခန္ဓာကျန်းမာသန်စွမ်းခြင်း၊ ဉာဏဗလဟူသော ပညာဉာဏ်ထက်မြက်ခြင်း၊ စာရိတ္တဗလဟူသောကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊ မိတ္တဗလဟူသော သူငယ်ချင်းအပေါင်းအသင်းကောင်းများရှိနေခြင်း၊ ဘောဂဗလဟူသောစီးပွားဥစ္စာပြည့်စုံအောင် ကြိုးစားခြင်းတို့ဖြင့် ပြည့်စုံနေမှသာ ခေါင်းဆောင်ကောင်းများဖြစ်လာကြပေလိမ့်မည်။

နိုင်ငံတော်အညွန့်အဖူးများဖြစ်ကြသော လူငယ်မောင်မယ်တို့အနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရေးတွင် အကြီးမားဆုံးသော အဖျက်ရန်မှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိတို့၏ ဘဝတက်လမ်းကို ပိတ်ပင်ခြင်းနှင့်အတူ အသက်အန္တရာယ်ပင်ဆုံးရှုံးနိုင်ပေသည်။ အနှစ်ချုပ်ဆိုရသော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဆောင်ရွက် နေသည့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံးက ပါဝင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။