အွန်လိုင်းလိမ်လည်မှုများသတိပြု

 

အွန်လိုင်းလိမ်လည်မှုများသတိပြု

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နိုင်ရန် ပြည်ပနိုင်ငံသားများ၏အချက်အလက်များ ရှာဖွေစုဆောင်း၍ တစ်ဖက်လိမ်လည်သူများထံသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံ ၉၅ ဦးအား သက်သေပစ္စည်းများနှင့်အတူ အောက်တိုဘာလ ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါအဖွဲ့သည် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးများလိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များရှာဖွေစုဆောင်းခြင်း၊ ရရှိသည့်ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များ ရယူရန်အတွက် အဖွဲ့များဖွဲ့ပြီး WhatsApp လူမှုကွန်ရက်မှတစ်ဆင့် ပစ်မှတ်များထံ ဆက်သွယ်၍ရရှိသည့် အချက်အလက်များကို စုဆောင်း၍ ငွေကြေးလိမ်လည်သည့် အခြားအဖွဲ့များထံ ပြန်လည်ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်၌ ကုန်ပစ္စည်းလိမ်လည် ရောင်းချမှုများ၊ အလုပ်အကိုင်ရရှိရေးကိစ္စများ၊ ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ လူကုန်ကူးမှုများ ရှိခဲ့သည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုများပြုလုပ်ခြင်းသည်လည်း ငွေကြေးလိမ်လည်မှုပင်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုများသည် လောင်းကစားမှုကိုအခြေခံ၍ ဖြစ်ပေါ်ခဲ့သည်။ အွန်လိုင်းလောင်းကစားမှု များသည် ၂၀၂၁ အကုန် ၂၀၂၂ ခုနှစ်အကူးတွင် ပြည်ပမှ မြန်မာနိုင်ငံနယ်စပ်ဒေသ အချို့သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော်အစိုးရက ခြေရာခံပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ မူဝါဒမှာ မြန်မာ့မြေကိုသုံးပြီး   အိမ်နီးချင်းနိုင်ငံများ၏အကျိုးစီးပွားကို ထိခိုက်စေမည့်လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်ခြင်းမျိုး၊ လိမ်လည်လောင်းကစားခြင်းမျိုးကို လုံးဝလက်မခံဘဲ တိုက်ဖျက်လျက်ရှိသည်။ အထူးသဖြင့် အွန်လိုင်းလောင်းကစားလိမ်လည်မှုများနှင့် ပတ်သက်၍  တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်သူများကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။  ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို  ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီးဖြစ်သည်။

အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုများကြောင့် တရုတ်ပြည်သူများနစ်နာမှုရှိသလို မြန်မာပြည်သူများလည်း နစ်နာမှုရှိကာ သိက္ခာလည်းကျသည့်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိမ်လည်ခြင်းမဟုတ်သလို မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လိမ်လည်ခြင်းလည်းမဟုတ်ပေ။ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုက မြန်မာနှင့်တရုတ်နှစ်နိုင်ငံ စလုံးကို လိမ်နေခြင်းဖြစ်သည်။ အွန်လိုင်းလောင်းကစားလိမ်လည်မှုများနှင့် ပတ်သက်၍ မကြာသေးမီက မြန်မာနိုင်ငံအကြီးအကဲနှင့် တရုတ်နိုင်ငံအာရှရေးရာ ကိုယ်စားလှယ်တို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပေါ်နေသော   အွန်လိုင်းလောင်းကစားလိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ အွန်လိုင်းလိမ်လည်မှု ဖြေရှင်းရေးသာမက တရားဥပဒေစိုးမိုးရေး ရရှိလာအောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပါဝင်ပတ်သက်မှုရှိပါက ပြင်းပြင်းထန်ထန် အရေးယူရန် ဆောင်ရွက် လျက်ရှိသည်။

ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများသည် ဆက်သွယ်ရေးနည်းပညာများ အသုံးပြုခြင်းနှင့် ပတ်သက်၍ တိုးတက်လာသည်နှင့်အမျှ နည်းပညာထွန်းကားသည့် နိုင်ငံကြီးများသည်ပင်လျှင်  ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းများ၏ သားကောင်ဖြစ်လာကြသည်။ ဆက်သွယ်ရေးလိမ်လည်မှုတွင် အရေးကြီးဆုံး အချက်သည် အလုပ်အကိုင်၊ ငွေကြေးဝန်ဆောင်မှုများနှင့်ပတ်သက်နေပြီး ထို့ထက်ပို၍ အဖျက်အမှောင့် လုပ်ငန်းများ ပါဝင်လာကြသည်။

ပြည်သူများအနေဖြင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှလိမ်လည်မှုများ၊ လောင်းကစားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ လုပ်ဆောင်ခြင်းများမရှိအောင် သတိပြုဆောင်ရွက်ကြရမည် ဖြစ်သည်။ လူတို့၏သဘာဝအရ ငွေကြေးရလိုမှု၊ လိုချင်တပ်မက်မှုတို့သည် လိမ်ညာခြင်းခံရမည့် အကြောင်းတရားများဖြစ်လာသည်။ ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများ ရှိထားရမည်ဖြစ်သည်။ မိမိတို့၏လိုချင်တပ်မက်မှုလောဘကို ထိန်းသိမ်းကာ အွန်လိုင်းပေါ်မှဒုစရိုက်မှုများ၊ လိမ်လည်လှည့်စားလောင်းကစားမှုများကို သတိပြုရှောင်ရှားကြရမည်ဖြစ်သည်။ ဆက်သွယ်ရေးနည်းပညာများ ထွန်းကားနေသည့်ကာလတွင် လူသားအကျိုးပြု ဆက်သွယ်လုပ်ဆောင်မှုများ ရရှိနေမည်ဖြစ်သော်လည်း ဆင်ခြင်ဉာဏ်နှင့် သတိပြုလုပ်ဆောင်ကြရန် လိုအပ်သည်။ နည်းပညာများ ထွန်းကားနေသည်နှင့်အမျှ လိမ်လည်မှုများ၊    ဒုစရိုက်မှုများ၊ မကောင်းမှုများရှိနေဦးမည်ဖြစ်သည်။  နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းပေါ်မှ လောင်းကစားမှု၊ ဒုစရိုက်မှုများကို ထိရောက်ပြတ်သားစွာ တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ  ပြည်သူများအနေဖြင့် ငွေကြေးလိမ်လည်နေသည့် အဖွဲ့အစည်းများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးကြရန် ဖြစ်ပါကြောင်း။    ။