နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်

 

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်းစည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန်တာဝန်ရှိသည်။ ဤသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းတွင် ပြဋ္ဌာန်းထားသည်များဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ထိန်းသိမ်း စောင့်ရှောက်ပြီး ထိုအခြေခံဥပဒေအတိုင်း လိုက်ပါဆောင်ရွက်လျက်ရှိသည်။ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်  (NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်လျက်ရှိသည်။

NCA လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်ဖိတ်ခေါ်ထားသည်။  တပ်မတော်အနေဖြင့်လည်း NCA လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်များကို ခံစားလိုပြီး ၎င်းတို့၏ အာဏာကို တည်ဆောက်လိုခြင်းကြောင့် ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၂၇ ရက်တွင် လောက်ကိုင်ဒေသ ချင်းရွှေဟော်ကိုအဓိကထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုယ့်တိုင်းပြည်ကိုမှ ကိုယ်မချစ်တတ်သောသူမှာ ဘာကိုမှချစ်တတ်မည်မဟုတ်ပါဟု ဆိုသည့်အတိုင်း အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများမှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သူမဟုတ်ပေ။ မိမိဒေသ၊မိမိလူမျိုးကို အမှန်တကယ်အေးချမ်းလိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသော်လည်း အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများမှာ မိမိတို့တစ်စု၊ တစ်ဖွဲ့ကောင်းစားရေးကိုဦးတည်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ မြို့နယ်အချို့တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင် လာခဲ့သည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက အဆိုပါ အကြမ်းဖက်သောင်းကျန်းသူတို့ကို ပြန်လည်တိုက်ခိုက်ခဲ့ကြရသည်။

ပြည်သူများအနေဖြင့် လွန်ခဲ့သည့်ရက်များမှစ၍ တပ်မတော်၏လိုအပ်ချက်များကို ပါဝင်ကူညီပေးလျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ တိုင်းစစ်ဌာနချုပ်များနှင့်ပြည်နယ်အစိုးရများ ရှိသည့်မြို့နယ်များတွင် ပြည်သူများမှ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပစ္စည်းများ လှူဒါန်းကြသည်။

ပြင်ပမှ ပရဟိတအဖွဲ့များကလည်း ချက်ပြုတ်၍ ရှေ့တန်းရောက်တပ်မတော်သားများထံ ပေးပို့ကြသည်။

တပ်မတော်အနေဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲများကျင်းပလျက်ရှိသည်။ နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ်ဘောလုံးကွင်း၌ ပြည်ထောင်စုနယ်မြေရှစ်မြို့နယ်မှ ပြည်သူလူထုအင်အား ၂၂၀၀ ခန့်သည် တိုင်းပြည်အလုံးစုံပျက်စီးရေး ဆောင်ရွက်နေကြသည့် KIA၊ AA၊ TNLA၊ MNDAA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။

ထို့ပြင် နိုဝင်ဘာလ ၈ ရက်နှင့် ၁၀ ရက်တို့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းနှင့် မန္တလေးမြို့ပေါ်ရှိလမ်းများ၊ မန္တလေးမြို့အဝင် အဝိုင်းထိပ်၊ မန္တလေးကျုံးဘေးနှင့် ဧရာဝတီရတနာပုံ တံတားတို့တွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် လည်းကောင်းအေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများက အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား အလိုမရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်းရောက်တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲများကျင်းပခဲ့ကြသည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို ပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။