ကျယ်ဝန်းလှသော စာပေပင်လယ်

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးတို့တွင် သူ့နိုင်ငံနှင့် သူ့လူမျိုးအလိုက် စာပေဖြစ်ထွန်းပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ အသီးသီးရှိကြသည်။ ထို့အတူ မြန်မာတို့တွင်လည်း မြန်မာစာပေသမိုင်းရှိသည်။ သမိုင်းဟူသည် ရှေးရှေးက ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုစုပေါင်း၍ စကားပြေဖြင့်ဖြစ်စေ၊ လင်္ကာဖြင့် ဖြစ်စေရေးသားထားသည့် စာပေများ၏အမည် ဖြစ်သည်။ မြန်မာစာပေဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာစေရန်၊ တိုးတက်သည်ထက် တိုးတက်လာစေရန်၊ ခိုင်မာသည်ထက်ခိုင်မာလာစေရန်၊ ကျယ်ပြန့်သည် ထက်ကျယ်ပြန့်လာအောင်၊ ခေတ်မီသည်ထက်ခေတ်မီအောင် အထူးတလည်ကြိုးစား အားထုတ်ခဲ့သော စာပေပညာရှင်ကြီးများ၏ ကျေးဇူးကြောင့် မြန်မာစာပေသည် ယနေ့ခေတ်တိုင် အလင်းရောင်ရှိနေခြင်းဖြစ်သည်။

ဗုဒ္ဓစာပေသည် ဗုဒ္ဓသာသနာကို မြန်မာပြည်၌ ပျံ့နှံ့အောင်ဆောင်ရွက်လိုသည့် ရှင်အရဟံနှင့် အနော်ရထာတို့က အားပေးခဲ့ကြသော စာပေဖြစ်သည်။ ဗုဒ္ဓစာပေကိုမှီး၍ ထွန်းကားလာသောမြန်မာစာပေသည် ဘုန်းတော်ကြီး ကျောင်းများနှင့် နန်းတော်အိမ်တော်များ၌ အများအပြား ဖြစ်ပေါ်လာခဲ့သည်။ အနော်ရထာမင်းထွန်းညှိခဲ့သော ဗုဒ္ဓသာသနာ အလင်းရောင်ကြောင့် မြန်မာစာပေသည် ယခုတိုင် ဆက်လက်ရှင်သန်လျက်ရှိနေသည်။

မြန်မာစာပေအရေးအသား၏ မူလအစသည်  ကျောက်စာများက စခဲ့သည်ဟု ဆိုသည်။  ပုဂံခေတ်သည် ကျောက်စာခေတ်ဖြစ်သည်။ နှောင်းလူတို့သိရှိစေဖို့ ကျောက်စာရေးထိုးခဲ့ကြသည်။ အလှူဒါနပြုရာတွင် လည်းကောင်း၊ တိုင်းပြည်တည်ဆောက်ရေးတွင် လည်းကောင်း ကျောက်စာရေးထိုးထားရှိခဲ့သည်။ မြန်မာစာအစ ကျောက်စာကဟု မှတ်တမ်းရေးထားသည်။ ဆရာကြီးဦးဖေမောင်တင် ရေးသားခဲ့သော မြန်မာစာပေသမိုင်းစာအုပ်တွင် မြန်မာစာပေခေတ်ကို ပုဂံကျောက်စာခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ပထမပိုင်း၊ ကုန်းဘောင်ခေတ်ဒုတိယပိုင်းဟူ၍ ခေတ်ကာလကို ခုနစ်ပိုင်းပိုင်းခြား သတ်မှတ်ထားသည်။

မြန်မာစာပေကို မြန်မာလူငယ်တိုင်းလေ့လာလိုက်စားသင့်သည်။ လေ့လာလိုက်စားမိပါက မြန်မာစာပေ၏ အနှစ်သာရတန်ဖိုးကိုသိရှိမည်။ မိမိတို့စာပေကို မိမိတို့တန်ဖိုးထားတတ်လာပေလိမ့်မည်။ လေ့လာလိုက်စား မကုန်အောင်ပင် အဆိုပါခေတ်ကာလ ခုနစ်ပိုင်းအလိုက် ပေါ်ထွန်းခဲ့သော စာပေများမှာ လွန်စွာများလှပေသည်။ ရှေးမြန်မာကြီးတို့သည် မြန်မာစာပေအမွေအနှစ်ချန်ထားရစ်ခဲ့သည်မှာ လေ့လာလိုက်စားကြည့်မှသာ သိရှိနိုင်ပေမည်။ မြန်မာစာပေကို လေ့လာတတ်မြောက်ခြင်းအားဖြင့် ကိုယ်တိုင်မြန်မာစာပေပညာရှင်ကြီး တစ်ဦးအဖြစ်လည်းကောင်း၊ စာဆိုရှင်ကြီးတစ်ဦးအဖြစ်လည်းကောင်း၊ ဗဟုသုတပြည့်စုံသူတစ်ဦး အဖြစ်လည်းကောင်း ထွန်းထွန်းပေါက်ပေါက် ဖြစ်လာနိုင်လေသည်။

ယနေ့တိုင် မြန်မာစာမြတ်နိုးသူများ၏အသည်းနှလုံးကို လွှမ်းမိုးထားသော ရဟန်းစာဆိုရှင် ရှင်ဥတ္တမကျော်၏ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရမ်းဖက်၍၊ တိမ်သက်တံရောင်၊ အဝါဘောင်ဝယ်၊ မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တစ်ချို့၊ ညိုခဲ့တစ်လီ၊ ရီခဲ့တစ်ဖုံ၊ မှုန်ခဲ့တစ်ချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့ ဟူသော တောလားမှအဖွဲ့၏ ပြောင်မြောက်ပုံကို ဖတ်ရှုနိုင်ပေသည်။

ရှင်အဂ္ဂသမာဓိ၏ ခါလည်းလုလု၊ ရတုသစ်သစ်၊ သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း၊ ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍၊ ရွက်ကြောနုလှန်၊ ရွက်သစ်ပြန်တည့်၊ ပန်းမာန်ငုံကင်း၊ သုတ်လေညင်းနှင့်၊ မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူး၊ မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်၊ လကဆုန်သည်၊ ပဇ္ဇုန်ရိုက်မြည် ချုန်းချုန်းတည်း အဖွဲ့မှာ နွေဦးရာသီ၏ အသွင်အပြင်ကို နှစ်သက်ဖွယ်ဖြစ်စေသည်။ နေမိမင်း နတ်ပြည်သို့တက်ခန်းကို လွမ်းစရာကောင်းသော နွေဦးရာသီဘွဲ့နှင့်စလိုက်သည်မှာ ရွက်ဟောင်း၊ ရွက်နု၊ မင်းလွင်၊ လေညင်းမြေသင်းနံ့တို့ သဘာဝအတိုင်း လှနေဟန်ပေါ်လွင်လှသည်။

ထိုနည်းတူ နတ်သျှင်နောင်ကို ရတုဘုရင်ဟုတင်စားစေခဲ့သောအဖွဲ့အနွဲ့မှာလည်း တင့်လှပေဟန်၊ဘက်မရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွတ်မွတ်ရေးချေ၊ ထုံးနေမကျော့ပတ်လျှော့ဆံကြာ၊ ကျတိုင်းသာလဆင်၊ ရွှေဝါပိတ်ရှင်း၊ တည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူဟူ၍ ဖွဲ့ဆိုပုံမှာ စိတ်ကျေနပ်စရာ ကောင်းလှသည်။

စာပေသည် နှလုံးသားမှယိုစီးလာသောစေတနာ၊ နှလုံးသားမှစီမံဖန်တီးလိုက်သောစိတ်ကူး၊ နှလုံးသားမှ မြည်လာသောအသံတို့ ကိန်းဝပ်ရာဖြစ်သည်။ ဖတ်မိသူသည် ရုတ်တရက်မမေ့နိုင်အောင်ပင် မိမိနှလုံးသား၌ စွဲကျန်ရစ်သည်။ အခါအခွင့်သင့်တိုင်း သိလို၊ ညည်းလို၊  ကြားလို၊ လွမ်းဆွတ်လိုသည်။ ခေတ်လူငယ်မောင်မယ် များအနေဖြင့် မြန်မာစာပေကို လေ့လာလိုက်စားမည် ဆိုလျှင် လိုက်စား၍မကုန်ပါ။ ပျော်စရာကြည်နူးစရာ လွန်စွာကောင်းလှသည်။  မြန်မာစာပေနယ်မှာ အဆုံးမရှိသော ပင်လယ်ပြင်ကဲ့သို့  ကျယ်ဝန်းလှသည်ဖြစ်ရာ လူငယ်မောင်မယ်များ စာပေပင်လယ်မှာ ပျော်ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။