နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း အကြား ငွေပေးချေမှုစနစ် အားကောင်းလာစေရေး

နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း အကြား ငွေပေးချေမှုစနစ် အားကောင်းလာစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်)

    နိုင်ငံအများစုသည်  ကမ္ဘာ့ကုန်သွယ်ရေး၊ ငွေကြေးလည်ပတ် စီးဆင်းမှုတို့တွင် ဒေါ်လာအစား အခြားသော ငွေကြေးစနစ်များကို ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းလာနေကြသည်။ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်းဖြင့်  ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်များ တိုးမြင့်လာမည်ဖြစ်သလို ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရာတွင် ပြည်တွင်းငွေကြေး အသုံးပြုမှု အားကောင်းလာစေမည်ဖြစ်ပါသည်။ ထို့ပြင် ရေရှည်တွင်လည်း အာဆီယံသည် ဒေါ်လာအပေါ် မှီတည်၍ ငွေကြေးလဲလှယ်နှုန်း အပြောင်းအလဲအတက်အကျများ နည်းပါးလာပြီး ငွေကြေးတည်ငြိမ်မှု ရှိလာမည်ဖြစ်ပါသည်။

နိုဝင်ဘာလ  ၁  ရက်နေ့က  ရန်ကုန်မြို့  Crystal  Tower   ရှိ  ICBC  Center  ၌  Industrial  and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ် (Cross-Border Interbank Payment System-CIPS)တွင်  တိုက်ရိုက်အဖွဲ့ဝင် ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို  ကျင်းပရာ  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ပြည်တွင်းဘဏ်များ၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် (CIPS System) တွင်  တိုက်ရိုက်အဖွဲ့ဝင် ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားသည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်သည်။ နိုင်ငံတကာငွေပေးချေမှု နည်းလမ်းတစ်ခု တိုးတက်ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ ICBC (ရန်ကုန်ဘဏ်ခွဲ) သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး  CIPS  System  ၏ တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ CBM NET System နှင့် CIPS System ကို ချိတ်ဆက်ခြင်းအားဖြင့် ပြည်တွင်းဘဏ်များ အနေဖြင့် CIPS System နှင့် ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု စနစ်လုပ်ငန်းစဉ်တွင် Indirect Participant  များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်ရာတွင် SWIFT  အပြင် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပေးချေမှုများ ပိုမိုလွယ်ကူမြန်ဆန်ချောမွေ့ပြီး ကုန်ကျစရိတ်သက်သာခြင်း၊ စာရင်းရှင်းလင်းမှု လွယ်ကူခြင်း၊ ပိုမိုလုံခြုံမှုရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးစီးဆင်းမှုများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု သိသိသာသာ လျှော့ချလာနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံစလုံး၏ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသတွင်းငွေကြေး အသုံးပြုပေးချေမှု လုပ်ငန်းစဉ်ဖြစ်ပေါ်လာမည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေ အသုံးပြုမှုကို နယ်စပ်ကုန်သွယ်မှုတွင်သာမက ပုံမှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအထိ တိုးချဲ့အသုံးပြုနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။  ICBC အနေဖြင့် ရန်ကုန်ဘဏ်ခွဲ၏ တိုက်ရိုက်တရုတ်ယွမ်ငွေ နယ်စပ်ဖြတ်ကျော် စာရင်းပေးချေခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ခြင်းအား အထူးပင်အလေးထား ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်ဘဏ်ခွဲအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန် အားပေးကူညီသွားမည်ဖြစ်သည်။

အာဆီယံနိုင်ငံများသည် အမေရိကန်အပါအဝင် အခြားသောဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် ဒေါ်လာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေရသည်။ ယင်းမှာအီးယူကဲ့သို့ ဒေသတွင်းသုံး ဘုံငွေကြေးစနစ် မရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကုန်ဈေးနှုန်းအတက်အကျများမှာ ဒေါ်လာငွေကြေးနှင့် အများဆုံး သက်ဆိုင်လျက်ရှိသည်။ (၄၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ငွေကြေးဖလှယ်ရာ၌ ဒေါ်လာ၊ ယူရို၊ ယန်း၊ ပေါင်ငွေကြေးတို့အား လျှော့သုံးပြီး ပြည်တွင်းသုံး ငွေကြေးများဖြင့် ဖလှယ်အသုံးပြုနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများနှင့် ပတ်သက်၍ သဘောတူညီချက် ချမှတ်နိုင်ခဲ့သည်။ နိုင်ငံများသည် ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် ငွေကြေးများကို ထပ်တလဲလဲ လဲလှယ်စရာမလိုဘဲ ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများဖြင့် တိုက်ရိုက် ကုန်သွယ်နိုင်သည်။ ထို့ပြင် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချခြင်းဖြင့် စီးပွားရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားလာနိုင်ပြီး စီးပွားရေး အကျပ်အတည်းများကို လျှော့ချလာနိုင်သလို နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ် အားကောင်းလာစေရေး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။