အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ရေး

အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ဦးတည်ချက် (၉)ရပ် လူမှုရေးကဏ္ဍတွင် နိုင်ငံသားအားလုံးအတွက် အဓိကအကျဆုံးသော ဦးတည်ချက်မှာ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ရန်အတွက်”အားကစားကို လေ့လာလိုက်စားကြရမည်ဖြစ်သည်။ အားကစားယှဉ်ပြိုင်ရာတွင် အားကစားစိတ်ဓာတ် ထားရှိကြရမည်ဖြစ်သည်။

အားကစားစိတ်ဓာတ်မှာ လူငယ်လူရွယ်တို့၏ ဘဝအနိမ့်အမြင့်၊ အနာဂတ်ကံကြမ္မာကို ပီပြင်အောင် ရုပ်လုံးဖော်ပေးနိုင်စွမ်းရှိသည့် ပင်မအခြေခံ အင်အားတစ်ရပ်ဖြစ်သည်။ အားကစားသမားကောင်း တစ်ဦးဖြစ်လိုလျှင် သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓာတ်ရှိမှု၊ ဥပဒေကို လေးစားတတ်မှု၊ မှန်ကန်သော ဆုံးဖြတ်ချက်ကို မငြိုမငြင်ခံယူတတ်မှု၊ အရှုံးကိုအပြုံးဖြင့် ရင်ဆိုင်တတ်မှု စသည့်စိတ်ဓာတ်ထားရှိရမည်ဖြစ်သည်။ ထို့ပြင်တရားသော ယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုကို ရယူဖန်တီးတတ်သော အရည်အချင်းကောင်းများလည်း ရှိထားကြရမည်ဖြစ်သည်။

မည်သည့် အားကစားနည်းတွင်မဆို အားကစားစိတ်ဓာတ်နှင့် အရည်အချင်းကောင်းများ ပြည့်ဝနေသော အားကစားသမားများ ရှိနေပါက အောင်မြင်မှုလမ်းကြောင်းဆီသို့ ဦးတည်နေပြီဟု ယူဆနိုင်သည်။ သို့သော် စိတ်ဓာတ်ကောင်းရန်၊ အရည်အချင်းပြည့်ဝရန်မှာ ပြုပြင်လေ့ကျင့်ယူရမည်။လေ့ကျင့်သား ပြည့်ဝနေမှသာ အောင်မြင်မှုကို မျှော်မှန်းနိုင်ကြပေမည်။  လေ့ကျင့်သားပြည့်ဝနေစေရန်မှာ နည်းပြများ၏ သင်ကြားပို့ချမှု လက်တွေ့လေ့ကျင့်ခန်းများကို မခိုမကပ်၊ မညည်းမညူ လိုက်ပါလုပ်ဆောင်ကြရမည်။ တပ်မတော်သားတို့၏ ဆောင်ပုဒ်တွင် ချွေးထွက်များမှ သွေးထွက်နည်းမည် ဆိုစကားသည် အောင်မြင်မှုကို ညွှန်းဆိုခြင်းဖြစ်သည်။

လေ့ကျင့်သားပြည့်ဝမှုသည် အောင်မြင်မှုကို လမ်းခင်းပေးခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍသုံးရပ် စလုံးမှာ အားကစားကဏ္ဍနှင့် ဆက်စပ်လျက် ရှိသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် အားကစားထူးချွန်သည့် ကမ္ဘာကျော်ဘောလုံး ကစားသမားများကြောင့် ၎င်းတို့၏နိုင်ငံမှာ ထင်ပေါ်ကျော်ကြားသည်။ ထိုအားကစားသမားများကို မွေးထုတ်ပေးရာ အားကစားကျောင်းများ၊ အားကစားတက္ကသိုလ်များ၊ အားကစားပြိုင်ပွဲများကို အခြေခံကာ  ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစား ဝါသနာပါသူ၊ အားကစားနှင့်နှီးနှော ဆက်နွှယ်သူစီးပွားရေး လုပ်ငန်းရှင်များက သယံဇာတကြွယ်ဝမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါများမှုတို့အပေါ် အခြေခံကာ စီးပွားရေး လုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုပ်နှံမှုပြုကြသည်။ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုတိုင်းကို ချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်း၊ အားကစားသမားများ၊ နည်းပြများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းတို့ဖြင့် အသိအမှတ်ပြုလျက် ရှိသည်။ အားကစားနည်းများဖြစ်သော ဘောလုံး၊ ဝူရှူး၊ အလေးမ၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ ကာယဗလ၊ ရေကူး၊ လှေလှော်၊ ဘော်လီဘော၊ ခြင်းလုံးစသည့် အားကစားနည်းများ အလိုက် လူမှုထူးချွန်တံဆိပ်များ အပ်နှင်းခဲ့သည်မှာ  အားကစားသမားများအတွက် ဝမ်းသာကြည်နူးဖွယ်ဖြစ်သည်။တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပေရာ  မြန်မာ့အားကစား မြင့်မားရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော် အားကစားကော်မတီများကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ တပ်မတော်သား အားကစားသမားများ၏ အရည်အသွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အားကစားကို ဝါသနာပါသည့် တပ်မတော်သားများ စနစ်တကျ လေ့လာနိုင်စေရေး အတွက် စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် တိုင်းပြည်၏ အားကစားကဏ္ဍကို  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး တပ်မတော်ဘောလုံး အကယ်ဒမီသင်တန်းကို ၂၀၁၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် တပ်မတော်အနေဖြင့် အားကစားနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တပ်မတော်(ကြည်း၊ရေ၊ လေ) လက်ရွေးစင်အသင်းများတွင် သွေးသစ်လောင်းနိုင်သည့် မျိုးဆက်သစ် အားကစားသမားများကို မွေးထုတ်ပေးနိုင်ရေး နှစ်စဉ်တိုင်း စစ်ဌာနချုပ်များအလိုက် ပြိုင်ပွဲများကို  ကျင်းပပေးလျက်ရှိသည်။ အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် အမျိုးမျိုးသော အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။