ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်)

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၂ ရက်(ခရစ်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့  မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှက ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

    ယခုနှစ်တွင် ကထိန်အလှူခံကျောင်းအဖြစ် ရဟန်း၂၂ ပါး၊ သာမဏေ ၁၁၈ ပါးရှိသည့် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်ကို ရွေးချယ်ထားပြီး  စာသင်သားရဟန်း သာမဏေအင်အားများသည့် ပရိယတ္တိ စာသင်တိုက်ကြီး တစ်ခု၏ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ဆိုသည့် ပစ္စည်းလေးပါး လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်း လှူဒါန်းခြင်းဖြစ်သည်။

    ကထိန်အလှူတော်သည်  သီတင်းကျွတ်လပြည့်ကျော် ၁  ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာအတွင်း ခင်းကြရသည်။ ကထိန်သင်္ကန်းကို  ယနေ့အလှူခံပြီး  ယနေ့ကံဆောင် ကာခင်းရသည်။

    အလှူရှင်ကသဒ္ဓါဖြင့် လှူဒါန်းသောသင်္ကန်းကိုသာ ကထိန်ခင်းထိုက်ပြီး ရဟန်းက ဥပါယ်တံမျဉ်ဖြင့် သင်္ကန်းကို အလှူမခံရခြင်း၊ သင်္ကန်းမှလွဲ၍ အခြားပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း၊ ကထိန်ခင်းသော ရဟန်းတော်သည် ဝါဆိုဝါကပ်တော်မူပြီးဖြစ်ရခြင်း ဟူသော ကန့်သတ်ချက်များလည်း ရှိသည်။ ကထိန်အလှူတော်သည် သံဃာ့ဂုဏ်တော်တို့ကို အာရုံပြု၍ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအစွဲကင်းကင်းဖြင့် သဒ္ဓါရွှင်လန်းစွာ လှူဒါန်းရပြီး အလှူခံပုဂ္ဂိုလ်နှင့် အလှူရှင်နှစ်ဦးနှစ်ဖက် အကျိုးထူးသော အလှူဖြစ်ကြောင်း သိရှိရသည်။

    မြန်မာတို့၏ဆယ့်နှစ်လရာသီ ပွဲတော်များနှင့် ပတ်သက်၍ ရှေးစာဆိုရှင်များ သီကုံးဖွဲ့ဆိုထားသော စာပေများကား လွန်စွာများပြားလှသည်။ ကိုယ့်အရှင်ကိုယ့်သခင်နှင့် နေထိုင်ရသော ကာလများမို့ မြန်မာတို့၏ စာပေထွန်းကားမှုမှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။ စာဆိုများ၏ မြန်မာစာပေ တတ်မြောက်မှုမှာလည်း စံထားလောက်ပေသည်။ ထိုစာဆိုရှင်များစွာထဲမှ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့သော တန်ဆောင်မုန်းလ လေးချိုး ကဗျာလေးမှာ ကြည်နူးဖွယ်အတိဖြစ်သည်။ ထိုလေးချိုးကဗျာမှာ “လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ဆု ပန်ရွယ်။ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်။ ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။ ငွေလစန္ဒာနှင့်၊ ကြတ္တိကာကြယ်ပြောင်ရွှန်းငယ်၊ ထွန်းထိန်လို့မြူး” ဟူ၍ဖြစ်သည်။  

    ကထိန်ခင်းသည့်အစဉ်အလာသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းကရှိခဲ့သော အစဉ်အလာ  တစ်ရပ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်လည်း ရှေးထုံးအစဉ်အလာများနှင့် အညီ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၄၄ ခုနှင့် လှူဒါန်းငွေကျပ် ၇၃၆၄၃၂၅၀  ဖြစ်သဖြင့် စုစုပေါင်း လှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၁၂၉၆၅၈၅၀ ဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၅၀ နှင့် လှူဒါန်းငွေကျပ် ၉၀၁၅၈၅၀၀ လှူဒါန်းခဲ့သည်။ တန်ဖိုးအားဖြင့်ငွေကျပ် ၁၃၆၇၁၄၆၀၀ ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ်လှူဒါန်းမှုမှာ ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။

    ကထိန်ဟူသော ဝေါဟာရသည် ပါဠိဘာသာအားဖြင့် ကထိနမှ ဆင်းသက်လာခြင်းဖြစ်သည်။ အနက်အဓိပ္ပာယ်အားဖြင့် မြဲမြံခိုင်ခံ့ခြင်းဟူ၍ဖြစ်သည်။ ကထိန်ပွဲသည် ထူးခြားလေးနက်သော ဝိနည်းပိဋကတ်အရ အလေးအမြတ်ပြုအပ်သော သာသနာတော်ဆိုင်ရာ အခမ်းအနားဖြစ်သကဲ့သို့ ကထိန်သင်္ကန်းလှူဒါန်းသော အလှူရှင်တို့မှာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည်အထိ အကျိုးထူးရရှိနိုင်သော ထူးကဲမွန်မြတ်လှသည့် အလှူဖြစ်သည်။

    ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားမှာ အောင်မြင်ပြီးမြောက် သွားသော်လည်း အလှူရှင်များ လှူဒါန်းလိုက်သော အလှူဒါနမှာ ပြီးပျောက်သွားသည်မျိုး မဟုတ်ပေ။ အလှူတော်တစ်ခု၏ ကောင်းကျိုးသုခက ဦးဆောင်လှူဒါန်းသူများ အပါအဝင် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်  ကောင်းကျိုး ဖြစ်ထွန်းနေမည်သာဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားသည် နိုင်ငံတော် အကြီးအကဲနှင့်တကွ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် ကောင်းမှုပြုသည့်ပွဲဖြစ်ပေရာ ကောင်းမှုပြုသူများပြည်သူတို့အဖို့ ကောင်းသောအကျိုးများ တိုးပွားမည်ဖြစ်ပါကြောင်း။   ။