မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်း

မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်း

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်)

    ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော် အောင်မြင်တော်မူခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းကို တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်း ပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းကောင်း ကြားသိရသူ ပြည်သူအပေါင်းသည် နှလုံးစိတ်ဝမ်းချမ်းမြေ့စွာ ပွဲတော်ကို မျှော်လင့်လျက်ရှိသည်။

    တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း နိုဝင်ဘာလ ၂၆ ရက်(တန်ဆောင်မုန်းလဆန်း ၁၄ ရက်)နေ့ညပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်(၉)စင်ဖြင့် မသိုးရွှေကြာသင်္ကန်း စတင်ရက်လုပ်ပြီး နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်)နေ့နံနက်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ကပ်လှူပူဇော်မည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း ဆီမီး (၉၀၀၀)ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း ရောင်စုံအလှမီးများ တပ်ဆင်ပူဇော် ထားရှိခြင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာ မုန့်ဆိုင်များ ခင်းကျင်းရောင်းချခြင်း၊ ဘုရားဖူးလာ ကလေးသူငယ်များအတွက် ချားရဟတ်စသည့် ကလေးကစားကွင်းများဖြင့် ပွဲတော်ကာလအတွင်း စီစဉ်ဆောင်ရွက်ထားရှိသည်။

တန်ဆောင်မုန်းလတွင် ရိုးရာဓလေ့အတိုင်းလှူဒါန်းသော သင်္ကန်း(၃)မျိုးရှိသည်။ ယင်းတို့မှာ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းနှင့် ကြာသင်္ကန်းတို့ဖြစ်သည်။ ကထိန်နှင့်ပတ်သက်၍ “ကထိန်အာနိသင်ငါးပါး မြဲမြံခိုင်ခံ့စွာ ရရှိစေနိုင်သော သင်္ကန်းအလှူ။ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း လှူဒါန်းနိုင်သည်။)” ဟူ၍မြန်မာအဘိဓာန်တွင် ဖော်ပြထားသည်။ ကထိန်သင်္ကန်း ကပ်လှူသောအခါ အလှူရှင်ပရိသတ်တို့က “ကထိနစီဝရံ သံဃဿဒေမ” ဤကထိန်သင်္ကန်းကို သံဃာအား လှူဒါန်းပါ၏ဟူ၍ လျှောက်ထားရသည်။

မြတ်စွာဘုရားအားမသိုးသင်္ကန်း ကပ်လှူခြင်းကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဆောင်ရွက်ကြသည်။

မသိုးသင်္ကန်းနှင့်ပတ်သက်၍ မသိုးသင်္ကန်းရက်လုပ်ရာတွင် အစိတ်အပိုင်းအားဖြင့် အဆင့်ဆင့်ဆောင်ရွက် ရသည်။ ဆောင်ရွက်ပုံ အဆင့်ဆင့်မှာ(၁၅)ပိုင်းမျှရှိသည်။(၁)နေဝင်သည်နှင့် တစ်ပြိုင်နက်ဝါကြဲရခြင်း၊ (၂) ဝါကောက်ရခြင်း၊ (၃) ကောက်ပြီးသားဝါကိုဖန်ရခြင်း၊ (၄)ဖန်ပြီးသားဝါကို ကြိတ်ရခြင်း၊ (၅) ကြိတ်ပြီး သားဝါကိုဖတ်ရခြင်း၊ (၆) ဖတ်ပြီးသားဝါကို ဗိုင်းတောင့်ဖြစ်အောင် ပြုလုပ်ရခြင်း၊ (၇) ပြုလုပ်ပြီးဗိုင်းတောင့်ကို ချည်မျှင်ဖြစ်အောင် ရစ်ငင်ရခြင်း၊ (၈)ငင်ပြီးသားချည်မျှင်ကို ချည်ခင်ဖြစ်အောင် ချားဖြင့်သေ့ရခြင်း၊ (၉)သေ့ပြီးသားချည်မျှင်ကို လိုရာအရောင်ဆိုးရခြင်း၊ (၁၀) ရှင်းလင်းအောင်ဖြီးရခြင်း၊ (၁၁) ဖြီးပြီးသားချည်မျှင်ကို တညင်းလုံးသို့ ကူးပြောင်းချယူရခြင်း၊ (၁၂) တညင်းလုံးမှ ရက်ကန်းရှယ်ရခြင်း၊ (၁၃)ရှယ်ပြီးမှ ရက်ကန်းစင်တွင် တင်ရခြင်း၊ (၁၄) ရက်ကန်းရက်ရာတွင် လက်မြန်သူသာ ရက်ရခြင်း၊ (၁၅) ရက်ပြီးမှ သင်္ကန်းဖြစ်အောင် ချုပ်ရခြင်းတို့ဖြစ်သည်။

ဤသို့အဆင့်ဆင့် ဆောင်ရွက်ရာတွင် အောင်မြင်ပြီးမြောက်ခြင်း မရှိဘဲ နေအရုဏ်တက်သွားပါက သို့မဟုတ် နေထွက်လာပါက သင်္ကန်းမဖြစ်သေးပါ။ ပုပ်သည် သိုးသည်ဟုခေါ်ပါသည်။ နေမထွက်ခင် သင်္ကန်းအဖြစ်သို့ အောင်မြင်သွားပါမှ  မသိုးမပုပ်သည့်အတွက်  မသိုးသင်္ကန်းဟု ခေါ်ဆိုနိုင်သည်။ နှစ်စဉ် တန်ဆောင်မုန်းလ ရောက်ရှိတိုင်း မသိုးသင်္ကန်း ရက်လုပ်ခြင်းပြိုင်ပွဲများ ပြုလုပ်လေ့ရှိကြသည်။ မသိုးသင်္ကန်းကို ဘုရားရှင်အား ကြည်ညိုမြတ်နိုးစွာ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်တရားများစွာ ရရှိနိုင်ကြပါစေကြောင်း ဆုမွန်တောင်းကြသည်။

နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ အပြိုင်အဆိုင် ကျင်းပနေသည်မှာ မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲဖြစ်သည်။  မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲကို ပျော်ပျော်ပါးပါး ညလုံးပေါက်ကျင်းပသည်။ ညလုံးပေါက်အားပေးသူပရိသတ်ကလည်း များပြားသည်။ ပြိုင်ပွဲစသည်နှင့် ရက်ကန်းရက်သူလေးများက အပြိုင်အဆိုင်ရက်ကြသည်။ အားပေးနေသော ဆိုင်းသံ၊ ဗုံသံ၊ ဒိုးပတ်၊အိုးစည်သံများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ အားပေးသူပရိသတ်များကလည်း တက်တက်ကြွကြွ ရှိလှသည်။ အရုဏ်တက်ချိန်တွင် သင်္ကန်းများရက်ပြီး၍ ပြိုင်ပွဲပြီးဆုံးသောအခါ ဆုရသူများကိုဆုပေးသည်။ အရုဏ်မတက်မီ ပြီးစီးအောင်ရက်ရသည့် သင်္ကန်းဖြစ်သည့်အတွက် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ခြင်းမှာ ကုသိုလ်လည်းယူ ပျော်အတူဆိုသည့်အတိုင်း ဝမ်းမြောက်ကြည်နူးဖွယ် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။