စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်)

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်သည်။ ယခုနှစ် အတွက် အထိမ်းအမှတ် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူ၍ဖြစ်သည်။ မသန်စွမ်းသူများ၏ ဘဝတွင် ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အများနည်းတူ မျှမျှတတရရှိရေး၊ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာ အပါအဝင် နယ်ပယ်အသီးသီးတွင် ပေါင်းစည်းပါဝင်နိုင်ရေး၊ မသန်စွမ်းသူများ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားလုံခြုံမှုအတွက် တီထွင်ဖန်တီး ဆောင်ရွက်ပေးရေးတို့သည် အလေးထား ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များဖြစ်သည်။ မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊  အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်း အားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်။

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့်  ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ  ကမ္ဘာ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း( ၂ ဒသမ ၃ သန်း)ကျော်သည် မသန်စွမ်းသူများဖြစ်ကြောင်း သိရှိရသည်။ မသန်စွမ်းသူများသည် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ခံနေရပြီး အမျိုးမျိုးသော ဆင်းရဲဒုက္ခများ ခံစားနေရကာ အခွင့်အရေး မှန်သမျှဆုံးရှုံးနေရသလို မသန်စွမ်းသူ အားလုံး၏ ရာခိုင်နှုန်း ၈၀ ကျော်မှာဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်ကြကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို စတင်ကျင်းပခဲ့ရာ ယခုနှစ်သည် အကြိမ်(၃၀)မြောက်ဖြစ်သည်။ လူသားအချင်းချင်း အားနည်းသူကို ဖေးကူတတ်သော ဓလေ့သည်မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်။ အထူးသဖြင့် မသန်စွမ်း သူများနှင့် ပတ်သက်၍ မည်သည့်နေရာတွင်မဆို သူတို့ကို ဦးစားပေးသည်။ မသန်စွမ်းသူများ မျက်နှာမငယ်စေရေးအတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၂(က) တွင် “နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်” ဟု ပြဋ္ဌာန်းထားသည်။ မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည် နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး ကာကွယ်ပေးရေးနှင့် မြှင့်တင်ပေးရေးတို့သည် နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်ပေးရမည့် တာဝန်များအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

    ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ကြေညာခဲ့ရာ ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါသဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

    သဘောတူစာချုပ် အပိုဒ်(၁)တွင်  ဤကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေး အားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ညီမျှစွာအပြည့်အဝ ရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့်လုပ်ဆောင်ရန်၊ သေချာစေရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှု ရှိစေရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

    မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)အတည်ပြုပြဋ္ဌာန်းခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ငွေကျပ် (၃) ဘီလီယံကိုတိုးပွားအောင် ဆောင်ရွက်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်း အဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် မသန်စွမ်း သင်တန်းကျောင်း ရှစ်ကျောင်းဖွင့်လှစ်၍ မသန်စွမ်းသူများအား လေ့ကျင့်ပြုစု ပျိုးထောင်လျက်ရှိသည်။

   မသန်စွမ်းသူများအလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးလျက်ရှိရာ အမြင်အာရုံ မသန်စွမ်းသူများ၏ မျက်မမြင်အကြောပြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အကြားအာရုံ မသန်စွမ်းသူများအတွက် သတင်းအချက်အလက်များ လက်လှမ်းမီ ရရှိနိုင်ရေးစီမံကိန်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်း၊ ဉာဏ်ရည်မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

    မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် မသန်စွမ်းသူများကို အရာရာတွင် ဦးစားပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထား ဆောင်ရွက်လျက်ရှိပေရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။