နောင်တစ်ခေတ်၏ အောင်စစ်သည်

 

နောင်တစ်ခေတ်၏ အောင်စစ်သည်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်)

    စစ်တက္ကသိုလ်သည် အနာဂတ်အတွက် အောင်စစ်သည်များကို လေ့ကျင့်ပေးရာ ဌာနကြီးဖြစ်သည်။ လောက၌ မည်သူမျှ မလေ့မကျင့်၊ မသင်မကြား၊ မဆည်းမပူး၊ မလေ့မလာဘဲ တတ်သိကျွမ်းကျင် လိမ္မာသူ ဖြစ်လာနိုင်မည်မဟုတ်ပေ။ လူသားတိုင်းသည် လေ့ကျင့်ဆည်းပူးမှုကို အတတ်နိုင်ဆုံးပြုကြရသည်။ လေ့ကျင့်ဆည်းပူးမှု သာလွန်ကောင်းမွန်သူက ပိုမိုအောင်မြင် ကြီးပွားကြသည်။ လေ့ကျင့်မှုသည် ပြည့်ဝမှုကိုဖြစ်စေ၏ ဟူသော ဆိုရိုးစကားရှိသည်။ စစ်မြေပြင်တွင် တိုက်ပွဲဝင်ကြရသော တပ်မတော်သားများအဖို့ လေ့ကျင့်မှုသည် အခြားသူများထက် ပို၍လိုအပ်သည်။ လူသူလက်နက် အင်အားချင်းတူလျှင် လေ့ကျင့်သား ကောင်းစွာပြည့်ဝသူက အနိုင်ရမည်သာဖြစ်သည်။ တိုက်ပွဲတိုင်းတွင် အောင်ပွဲဆင်နိုင်ပေလိမ့်မည်။

လေ့ကျင့်သည်ဆိုရာ၌ ရုပ်ပိုင်းတိုးတက်အောင် လေ့ကျင့်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဟူ၍ သဘာဝ နှစ်မျိုးရှိသည်။ ထိုသဘာဝနှစ်မျိုးစလုံးကို တစ်ပြိုင်တည်း လေ့ကျင့်ရသည်။ ရုပ်ပိုင်းတိုးတက်ရန် လေ့ကျင့်ရာ၌ ကြံ့ခိုင်သန်စွမ်းရန်၊  သက်လုံကောင်းရန်၊ လျင်မြန်ဖျတ်လတ်မှုရှိရန်၊ လက်ဖြောင့်ရန်စသည်ဖြင့် ရည်ရွယ်လေ့ကျင့်ရသည်။ လေ့ကျင့်သားကောင်းလျှင် ကောင်းသလောက် ထိုအရည်အသွေးများ တိုးတက်ရရှိမည်ဖြစ်သည်။ စစ်တက္ကသိုလ်သို့ မတက်ရောက်မီက ပျော့တိပျော့ဖပ်၊ ပိန်ပိန်ပါးပါး ရှိချင်ရှိနေမည်ဖြစ်သော်လည်း စစ်တက္ကသိုလ်က စနစ်တကျ လေ့ကျင့်ပေးလိုက်သောအခါ သွားလာလှုပ်ရှားမှုအစ၊ ကိုယ်နေဟန်ထားအဆုံး စမတ်ကျကျ တစ်နည်းဆိုရလျှင် စစ်စိတ်၊ စစ်မာန်တက်ကြွဖွယ် အသွင်မြင်ရပေမည်။

စိတ်ပိုင်းတိုးတက်မှုရရှိစေရန် လေ့ကျင့်ရာ၌ စိတ်ဓာတ်ကြံ့ခိုင်ရန် မိမိကိုယ်ကိုဖြစ်စေ၊ မိမိတပ်ဖွဲ့ကိုဖြစ်စေ ယုံကြည်စိတ်ချမှုရှိရန်၊ နည်းပညာများ တတ်ကျွမ်းရန်၊ အတွေးအခေါ် အယူအဆမြင့်မားရန်၊ ဆုံးဖြတ်ချက်ကို မြန်စွာ၊မှန်စွာ ချမှတ်တတ်ရန် ရည်ရွယ်၍လေ့ကျင့်ရသည်။ လေ့ကျင့်သားကောင်းမွန်မှု အပေါ်မူတည်၍ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာပိုင်းတို့၌ အရည်အသွေး ပြည့်မီပြီး မတွေမဝေဘဲ အခြေအနေပေါ် ကောင်းစွာအမြတ်ထုတ် တိုက်ကွက်ဖော်ကာ အောင်ပွဲရလေ့ရှိသည်။

မြန်မာနိုင်ငံရှိ စစ်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် သာမက ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်သည်။ စစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီးသမိုင်း အစဉ်အလာကြီးမားလှသည်။ ထိုစစ်တက္ကသိုလ်ကြီးမှ နိုင်ငံတော်အတွက် အဖိုးတန်သားကောင်း ရတနာများဖြစ်သော နောင်တစ်ခေတ်၏ အောင်စစ်သည်များကို မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၅)သို့ ရောက်ရှိလာပြီဖြစ်သည်။ စစ်တက္ကသိုလ်တွင် တက်ရောက် သင်ကြားနေသော ဗိုလ်လောင်းများသည် ပြည်သူလူထုမှ မွေးဖွားသော သားကောင်းဇာနည်များ ဖြစ်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က  သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် “ယနေ့သည် မျိုးဆက်သစ် ခေါင်းဆောင်ငယ်များ ထပ်မံမွေးထုတ်ပေးနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်သောကြောင့် တိုင်းပြည်နှင့် တပ်မတော်အတွက် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ “ နောင်တစ်ခေတ်၏ အောင်စစ်သည်” ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် လက်ရုံးရည်သာမက နှလုံးရည်ပါ ပြည့်ဝသည့် အရာရှိကောင်းများ ဖြစ်လာစေရန်အတွက် အမိစစ်တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်အောင်မြင်စွာ အသုံးချရန် လိုသည်ကို မှာကြားလိုကြောင်း” ဖြင့် ပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည်မို့ စစ်တက္ကသိုလ်ဆင်း လူငယ်ဗိုလ်လောင်းများကို နောင်တစ်ခေတ်၏ အောင်စစ်သည်များအဖြစ် ရည်ညွှန်းဂုဏ်ပြု လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ထိုလူငယ်များကို စစ်တက္ကသိုလ်က နည်းပြများက ခေါင်းဆောင်ကောင်းများ ဖြစ်စေဖို့ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်မှာ ယခုအခါ  သင်တန်းပြီးမြောက်၍ ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်ခြင်းခံရပြီဖြစ်သည်။ ထို့အတူ စာပေပညာဆိုင်ရာ အလိုက် သက်ဆိုင်ရာ ဘွဲ့များကိုလည်း ချီးမြှင့်အပ်နှင်းပြီ ဖြစ်သည်။

လူ့ဘဝဖြတ်သန်းမှုတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းများသည် ကျောင်းဆင်းအရာရှိငယ်၊ လူငယ်များဖြစ်၍ လုပ်ချင်ကိုင်ချင်စိတ်နှင့် အတူ ကျိုးကြောင်းလျော်ညီစွာ စဉ်းစားချင့်ချိန်နိုင်စွမ်း၊ မိမိကိုယ်ကို ထိန်းကျောင်း ကွပ်ကဲနိုင်စွမ်း ရှိရပေတော့မည်။ ကိုယ်စီအသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး ခေါင်းဆောင်ကောင်းဖြစ်အောင် လုပ်ဆောင်ကြရပေတော့မည်။ သူတို့၏ ဘဝတစ်သက်တာတွင် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး  တာဝန်ကျေပွန်သော၊ ယုံကြည် အားထားရသော အရာရှိကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြတော့မည် ဖြစ်ပါကြောင်း။