အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

 

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုကိုလည်း အလေးထား တိုက်ဖျက်လျက်ရှိသည်။ အဂတိ လိုက်စားမှုသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊  ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးတို့ကို ထိခိုက်စေပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အထူးအလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထမ်းဆောင်နေစဉ် ကာလအတွင်း သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေး၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးတို့ အတွက် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံက အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုဆိုသည်မှာ “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှရှောင်ကြဉ်စေရန် သို့မဟုတ်  တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန် အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့်ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ထို့ပြင်”မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်း ဖျက်သိမ်းခြင်းပြုရာတွင် ဖြစ်စေ၊ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း” ဟူ၍လည်း ဖွင့်ဆိုထားပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူ အားလုံးစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ ထိခိုက်စေသည့် ဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရေးသည် အရေးကြီးလှပေသည်။ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းလာစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှု တစ်ခုတည်းနှင့် လုံလောက်မှုရှိနိုင်မည် မဟုတ်ပေ။ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့်ယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်း လာစေရေးအတွက် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု ဖြစ်ပေါ်ပြီးမှ အရေးယူခြင်းဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးခြင်း၊ နိုင်ငံတော်ပုံရိပ် ကျဆင်းခြင်းတို့ မဖြစ်ပေါ်စေရန် အသိပညာပေး လုပ်ငန်းများနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ”အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ စည်းလုံး ဆောင်ရွက်ကြပါစို့” “UNCAC AT 20: UNITING THE WORLD AGAINST CORRUPTIONဖြစ်ပြီး အဂတိလိုက်စားမှုများကို နိုင်ငံအားလုံးက ပူးပေါင်းတိုက်ဖျက်ရန် ရည်ရွယ်ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ဆောင်ရွက်လျက်ရှိသည်။ “အဂတိပယ်ခွာ ပြည်သာယာ”ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့နိုင်ငံများ အားလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဦးတည်ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မြန်မာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်၍ သာယာလှပစေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ ပြည်သူတစ်ရပ်လုံးကလည်း အဂတိလိုက်စားမှုကို လုံးဝအားမပေးဘဲ အဂတိကင်းရှင်းသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ခိုင်ခိုင်မာမာ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။   ။