စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ

ကမ္ဘာ့နိုင်ငံတိုင်းအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၁၇)ချက်ကို၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်ဖြစ်သည်။ အဆိုပါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအနက် ပန်းတိုင်အမှတ်(၁) (၄) (၈) (၁၀) (၁၁)နှင့်(၁၇)တို့သည် မသန်စွမ်းသူများနှင့် ဆက်စပ်နေသည့်ပန်းတိုင်များ ဖြစ်သည်။

ပန်းတိုင်အမှတ်-၁ အနေဖြင့် ဆင်းရဲနွမ်းပါးမှုကို နေရာတိုင်းတွင် အဆုံးသတ်စေရေးပင်ဖြစ်သည်။

မသန်စွမ်းသူများအနေဖြင့် ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ် စောင့်ရှောက်မှုများ ရရှိရေးအတွက် အခက်အခဲများကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ကြရသည်။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာ Inclusive Development Strategies ကို ချမှတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက်နှင့် စွမ်းဆောင်နိုင်မှုများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ပန်းတိုင်အမှတ်-၄ ၏ရည်ရွယ်ချက်အနေဖြင့် အားလုံးအကျုံးဝင်ပြီး အရည်အသွေးမီညီမျှသည့် ပညာရေးကို ရရှိစေရေးနှင့် အစဉ်လေ့လာသင်ယူနိုင်ရေးပင် ဖြစ်သည်။ မသန်စွမ်းသူကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ရှိသလောက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နေနိုင်စေရေးအတွက် အားလုံးအကျုံးဝင်ပညာရေး Inclusive Education ပေါ်ပေါက်လာစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားနိုင်ရေး၊ ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ပန်းတိုင်အမှတ်-၈ သည်သင့်လျော်သည့်အလုပ်အကိုင်ရရှိရေးနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ထားခြင်းဖြစ်သည်။ ထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားအင်အားစုမှာ  မသန်စွမ်းသူများကိုလည်း နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပြီး ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်သည်။

မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၊ စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်ကြသည့်အတွက်အလုပ်ရရှိရန်၊ အလုပ်လုပ်ကိုင်နိုင်ရန် အခက်အခဲရှိသူများ ဖြစ်ကြသည်ကို လေ့လာသိရှိရသည်။ မသန်စွမ်းသူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတားအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့် တန်းတူ ကိုယ်ပိုင်ဝင်ငွေနှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့မသန်စွမ်းသူများကိုယ်တိုင် အလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရေးအတွက် မိမိကိုယ်ကိုယုံကြည်မှုနှင့် အရည်အသွေးကို မြှင့်တင်ပေးကြရမည် ဖြစ်သည်။

ပန်းတိုင်အမှတ်-၁၀ ၏ ရည်ရွယ်ချက်သည် နိုင်ငံတွင်းနှင့် နိုင်ငံများအကြားမညီမျှမှု လျှော့ချရေးပင်ဖြစ်သည်။ မသန်စွမ်းသူများအနေနှင့် လူ့အဖွဲ့အစည်းအတွင်းတွင် ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းတို့ကို ယနေ့ထိကြုံတွေ့နေရဆဲဖြစ်သည်။ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးတွင် ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား၊ အားနည်းသူကိုဖေးမကူညီဆိုသည့် စိတ်နေစိတ်ထားများရှိပြီး ဖြစ်သည်နှင့်အညီ မသန်စွမ်းသူများကို လူမှုအသိုင်းအဝိုင်းထဲက ပစ်ပယ်မထားဘဲ အားပေးကူညီလျက် ရှိကြသည်။ မသန်စွမ်းသူများကိုစိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာပြီး မသန်သော်လည်းစွမ်းသူများအဖြစ်ရောက်ရှိအောင် ကူညီဖေးမသွားကြရမည်ဖြစ်သည်။ ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေး အသိပညာပေး ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ မသန်စွမ်းသူများအတွက်ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုကို မသန်စွမ်းသူများ ကိုယ်တိုင်သိရှိစေရေးနှင့် လက်လှမ်းမီရယူ အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားကြရန် လိုသည်။

ပန်းတိုင်အမှတ်-၁၁ သည် အားလုံးအကျုံးဝင်ပြီး စဉ်ဆက်မပြတ် တိုးတက်မှုကိုဖြစ်စေမည့် မြို့ပြများနှင့် လူနေရပ်ကွက်များ ထူထောင်ရေးကို ရည်မှန်းထားရှိသည်။ အများပြည်သူသုံးယာဉ်များကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊ အများပြည်သူနှင့်ဆိုင်သည့်နေရာ အဆောက်အအုံများကို အတားအဆီးကင်းမဲ့စွာ သွားလာနိုင်စေရေးBarrier Free ဖြစ်စေရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းတို့နှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူသွားလာနေထိုင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ပန်းတိုင်အမှတ်-၁၇ သည်မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ရရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးပင်ဖြစ်သည်။ အစိုးရများအကြား၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများနှင့်မသန်စွမ်းအဖွဲ့ အစည်းများ၏ ပါဝင်ဆောင်ရွက်မှုကိုလည်း လိုအပ်မည်ဖြစ်သည်။ မသန်စွမ်းသူများအနေဖြင့်ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့်များတွင် ပါဝင်နိုင်စေရေးနှင့် မသန်စွမ်းသူများ၏ အမြင်နှင့်သဘောထားကို အလေးထား ထည့်သွင်းပေးရေး တို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်များကို အကောင်အထည်ဖော်ခြင်းဖြင့် မသန်စွမ်းသူများ လူမှုဘဝမြင့်မားအောင် ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။