နိုင်ငံနှင့်တပ်မတော်အတွက် မျိုးဆက်သစ်နည်းပညာရှင်များ

 

နိုင်ငံနှင့်တပ်မတော်အတွက် မျိုးဆက်သစ်နည်းပညာရှင်များ

အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာနှင့် အဓွန့်ရှည်ကြာစွာရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျဖွဲ့စည်း လေ့ကျင့်မှုများရှိရမည် ဖြစ်ပေသည်။ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ တပ်မတော်အနေဖြင့် စတင်သန္ဓေတည်ပေါက်ဖွားလာကတည်းက စည်းကမ်းနှင့် အမိန့်နာခံမှုကောင်းသည့် တပ်မတော်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အခိုင်မာဆုံး အဖွဲ့အစည်းတစ်ခု အစဉ်အမြဲရပ်တည်နေခြင်း ဖြစ်သည်။

တပ်မတော်ကိုနိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် သမားရိုးကျ စစ်ပွဲဆင်နိုင်သည့် တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသော ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။ Standard Army ဖွဲ့စည်းတည်ဆောက်ရာတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် အသစ်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့များကိုပါ တစ်ပြိုင်နက်  အဆင့်မြှင့်တင် တည်ဆောက်နေခြင်း ဖြစ်သည်။

ယနေ့ခေတ်သည် စစ်ဘက်သိပ္ပံနှင့်နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရေး၊  လုံခြုံမှုနှင့်အကာအကွယ်ရရှိရေး၊  ထိရောက်စွာ ချေမှုန်းတိုက်ခိုက်နိုင်ရေးနှင့် အဆုံးအဖြတ် တိုက်ပွဲများတွင် အချိန်တိုအတွင်းဆင်နွှဲနိုင်ရေးအတွက် နည်းပညာအပေါ်များစွာ မှီခိုအသုံးပြုလာကြပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာပြီး နိုင်ငံနှင့်တပ်မတော်အတွက် အကောင်းဆုံးအသုံးပြုရမည်ဖြစ်သည်။

ကမ္ဘာတွင် သိပ္ပံပညာထွန်းကားလာမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာနည်းပညာများ တိုးတက်လာခြင်းနှင့်အတူ စစ်မှုအတတ်ပညာများသည် ပြောင်းလဲတိုးတက်လျက်ရှိသည်။ တိုးတက်လာသော စစ်မှုအတတ်ပညာများကို မြန်မာလူငယ်များခေတ်နှင့်အညီ ခေတ်မီအောင် သင်ယူတတ်မြောက်ထားကြရမည် ဖြစ်သည်။စစ်မှုအတတ်ပညာတိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း ပြောင်းလဲတိုးတက်နေသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် အင်ဂျင်နီယာဗိုလ်လောင်းများကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ပြီး တပ်မတော်အတွက် အားတစ်ရပ်အဖြစ် ပေါ်ပေါက်လာမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်မှ ကျင့်ဝတ်တီထွင်စွမ်းအားရှင်ဆိုသည့်  တပ်မတော် နည်းပညာတက္ကသိုလ်  လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ  တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာများသည် အင်ဂျင်နီယာကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးနိုင်သည့် စိတ်ကူးစိတ်သန်းနှင့်  လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စွမ်းအားများရှိကြရမည် ဖြစ်သည်။ 

ယနေ့ခေတ်သမိုင်းသစ်တွင် မိမိတိုင်းပြည်ကိုတည်ဆောက်ကြရာ၌ နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်က အားကိုးအားထားပြုထိုက်သော အင်ဂျင်နီယာအရာရှိများအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင်လက်ရုံးဝန်ထမ်းတပ်ဖွဲ့များသည် ခြေလျင်တပ်ဖွဲ့များနှင့်အတူ စစ်ရေးအသိ၊ စစ်ရေးသတိရှိစွာဖြင့် သက်ဆိုင်ရာကျွမ်းကျင်မှု နယ်ပယ်အလိုက် ညှိနှိုင်းပေါင်းစပ် တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် မိမိဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာသူများဖြစ်သည့်အတွက် တိုက်ပွဲဝင်ရာတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် တိုက်ပွဲဝင်စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နည်းပညာအခြေပြုခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင်လုပ်ဆောင်လာကြ သည့်နည်းတူ သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း ခေတ်မီနည်းပညာနှင့်အတူ လိုက်ပါစီးမျောရမည်ဖြစ်သည်။ ထိုသို့လိုက်ပါနိုင်ရန် ခေတ်မီနည်းပညာရှင်လူငယ်များ များစွာလိုအပ်ပေသည်။ ထိုနည်းပညာရှင်များသည်လည်း အမိနိုင်ငံကိုချစ်သူ၊ မိမိတပ်မတော်ကိုတန်ဖိုးထားသူများဖြစ်ရပေမည်။  တိတိကျကျဆိုရလျှင် သစ္စာလေးချက်ကို အမှန်တကယ်ဦးထိပ်ရွက်သူများသာဖြစ်ရပေမည်။  အနှစ်ချုပ်ဆိုရသော် အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား ဆိုသည့်အတိုင်း နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅)ကျောင်းဆင်း အရာရှိငယ်များအား ကြိုဆိုပါကြောင်း။    ။