ဘဝတိုးတက်မြင့်မားရေးစဉ်ဆက်မပြတ်ကြိုးပမ်း

 

ဘဝတိုးတက်မြင့်မားရေးစဉ်ဆက်မပြတ်ကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ရက်က ပြင်ဦးလွင် မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြား  ရာတွင် ခေတ်နှင့်အညီပြောင်းလဲ တိုးတက်လျက်ရှိသည့် စစ်ဘက်ဆိုင်ရာနည်းပညာများ အပါအဝင် အခြားပညာရပ်များမှာလည်း  စဉ်ဆက်မပြတ်လေ့လာသင်ယူမှု၊  လေ့ကျင့်မှုနှင့်လိုက်နာမှုများကိုဆက်လက် လုပ်ဆောင်သွားကြရန်၊  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင် ရေးအတွက်ကျရာတာဝန်များကို နိုင်ငံသားကောင်း၊ တပ်မတော်သားကောင်းတစ်ဦးပီသစွာ ပါဝင်ဆောင် ရွက်သွားကြရန်၊ အမိနိုင်ငံတော်နှင့်တပ်မတော်အပေါ်သစ္စာစောင့်သိပြီး အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြမည့် နောင်တစ်ခေတ်၏ အောင်စစ်သည်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

နောင်တစ်ခေတ်၏အောင်စစ်သည်ဟု ညွှန်းဆိုထားသည့်လူငယ်များသည် ပြည်သူလူထုမှမွေးဖွား လာသောသားကောင်းရတနာများ ဖြစ်သည်။ သူတို့သည် နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်အပေါ်သစ္စာ စောင့်သိကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ကြတော့မည်ဖြစ်သည်။ မျိုးဆက်သစ် ခေါင်းဆောင်ငယ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကဖြစ်သည်။ ကမ္ဘာတည်သရွေ့  မြန်မာနိုင်ငံ၊   မြန်မာလူမျိုးတည်ရှိနေအောင် ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်သည်။ ဤနေရာတွင်ထပ်မံဖော်ပြလိုသည်မှာ မြန်မာဟူသည် မြန်မာနိုင်ငံ အတွင်း နှစ်ပရိစ္ဆေဒကြာမြင့်စွာ အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအပေါင်းကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။

စစ်တက္ကသိုလ် ကျောင်းဆင်းဗိုလ်လောင်းများသည် နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် လက်ရုံးရည်သာမက   နှလုံးရည်ပါပြည့်ဝသည့် အရာရှိကောင်းများ ဖြစ်လာစေရန်  အမိစစ်တက္ကသိုလ်မှ သင်ကြားပေးလိုက်ပြီး ဖြစ်သည်။ အသိပညာ၊ အတတ်ပညာများကို မိမိတို့၏ အတွေ့အကြုံ ဗဟုသုတများနှင့် ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင်ထိရောက်အောင်မြင်စွာအသုံးပြုကာ တပ်မတော်ကောင်းကျိုး၊ နိုင်ငံ့ ကောင်းကျိုးသယ်ပိုးကြမည်ဖြစ်သည်။ ပေးအပ်လာသည့် တာဝန်မှန်သမျှ သစ္စာရှိရှိထမ်းဆောင်နိုင်ရန် နိုင်ငံတော်နှင့်တပ်မတော်အပေါ် ကျရောက်လာမည့် ဘေးအန္တရာယ် ရန်စွယ်မှန်သမျှကို သူရဆိုသည့် ရဲစွမ်းသတ္တိ ပြည့်စုံစွာဖြင့် တိုက်ခိုက်ချေမှုန်းရန်၊ စစ်ခေါင်းဆောင်တစ်ဦး သိသင့်သိထိုက်သည့် စစ်ပညာ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်ဟူသည့် သိပ္ပအတတ်ပညာများကို တတ်မြောက်ရန် သင်ကြားလေ့ကျင့်ပေးပြီးဖြစ်သည်။ တပ်မတော်၏ဂုဏ်၊ အမိစစ်တက္ကသိုလ်၏ဂုဏ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာတွင်  အထက်ကယုံကြည်အားကိုးပြီး လက်အောက်ကလေးစားရသည့် အရာရှိကောင်းများ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

တပ်မတော်သားတိုင်းသည် မည်သည့်လုပ်ငန်းတာဝန်ကိုထမ်းဆောင်နေသည်ဖြစ်စေ စစ်တိုက်နိုင် ရမည်ဖြစ်သဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်ကြရမည် ဖြစ်သည်။ စစ်ရေး အသိ၊ စစ်ရေးသတိအမြဲရှိနေရမည်ဖြစ်သည့်အပြင် သင်ကြားပေးလိုက်သည့်စစ်အတတ်ပညာများကို ကျွမ်းကျင်နေကြရမည် ဖြစ်သည်။ ထို့ပြင် လက်တွေ့နယ်ပယ်တွင် မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၁ ရာစု ခေတ်သစ်စစ်ပွဲများသည် အကန့်အသတ်အတားအဆီးမဲ့ပုံစံဖြင့် အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပုံဖော်တိုက်ခိုက်လျက်ရှိကြသည်။ တိုးတက်လာသည့်ခေတ်မီ စစ်လက်နက် ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲ၏ပုံစံနှင့်စစ်ဗျူဟာများကို ကြိုတင်မြော်တွေးကြ ရမည်ဖြစ်သည်။ ခေတ်မီဆန်းသစ်လာသည့် ကွပ်ကဲမှုနှင့်ကြီးကြပ်မှုစနစ်ကို နားလည်တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး နည်းပညာများနှင့်လိုက်လျောညီထွေပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို လေ့လာနေကြရမည်ဖြစ်သည်။ အထူးသဖြင့်စစ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်သည်။

တပ်မတော်၏မူလတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် ဟူသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်ဝနေရန်လိုအပ်မည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် စစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နောင်တစ်ခေတ်၏ အောင်စစ်သည်များအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် စစ်တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော လူငယ်ခေါင်းဆောင်များပီသစွာ မဆုတ်မနစ်သောဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်တတ်သည့် စိတ်ဓာတ်နှင့် ရိုးသားသစ္စာရှိမှုတို့ကို ပေါင်းစပ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ ဘဝတိုးတက်မြင့်မားရေးကို စဉ်ဆက်မပြတ်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။