စာပေမြင့်မှ လူမျိုးတင့်မည်

 

စာပေမြင့်မှ လူမျိုးတင့်မည်

 

မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ နိုင်ငံနှင့် လူမျိုးကောင်းကျိုးအဖြာဖြာအတွက် ကလောင်အစွမ်းဖြင့်တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ် ကျေးဇူးကိုအလေးအမြတ်ဂုဏ်ပြုပြီး စာဆိုတော်နေ့ အခမ်းအနားကို ၁၉၄၄ ခုနှစ်မှ စတင် ကျင်းပခဲ့သည်။ မြန်မာစာပေသည် ပုဂံခေတ် ၁၂ ရာစုအစတွင် စတင် ပေါ်ပေါက်ခဲ့ပြီး ယခုမျက်မှောက်ခေတ်အထိဆိုပါက နှစ်ပေါင်း ၁၀၀၀ နီးပါးသက်တမ်းရှိပြီဖြစ်သည်။

မြန်မာစာပေ၌ အစောဆုံးစာပေအရေးအသားအဖြစ် သက္ကရာဇ်အခိုင်အမာပါရှိသည့် ရာဇကုမာရ် ကျောက်စာကို ရည်ညွှန်းကြသည်။ မြန်မာစာပေလောကကြီး နှစ်ပေါင်းကြာ ရှည်ရပ်တည်နိုင်ခြင်းသည် ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များ၊ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများ၏ ပြုစုပျိုးထောင် မြေတောင် မြှောက်ပေးမှု၊ ကြိုးပမ်းအားထုတ်မှု များ၏အသီးအပွင့်ပင်ဖြစ်သည်။

စာဆိုတော်နေ့ဖြစ်ပေါ်လာပုံကိုလေ့လာကြည့်သည့်အခါ ဂျပန်ခေတ်တွင် ပညာတံခွန် အသင်းက  ကွမ်းခြံကုန်းမြို့၌ အဘိဓာန်နှင့်ပညာစွယ်စုံကျမ်းများပြုစုရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ်  “စာဆိုတော်ကြီး ဦးပုညနေ့”ကျင်းပရန်စီစဉ်ခဲ့ကြကြောင်းမှ စတင်ခဲ့ သည်ကိုသိရှိရသည်။ ရန်ကုန်မြို့တွင်ရှိသည့် ပညာ တံခွန်အသင်းကြီးက စာဆိုတော် တစ်ဦးအတွက် နေ့တစ်နေ့သတ်မှတ်ကျင်းပခြင်းထက် စာဆိုတော်အများနှင့် သက်ဆိုင် သည့်နေ့တစ်နေ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ကျင်းပသင့်သည်ဟု အကြံပြုခြင်း ကြောင့်ပညာတံခွန်အသင်းကပုဂ္ဂိုလ်ကြီးများ၊ စာပေပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းကပုဂ္ဂိုလ် များသည် ၁၉၄၄ ခုနှစ် မေလ ၈ ရက်တွင်အစည်းအဝေး ကျင်းပပြီး နှစ်စဉ်နတ်တော်လဆန်း ၁ ရက်၌ “မြန်မာစာဆိုတော်နေ့” ကျင်းပရန်ဆုံးဖြတ် ခဲ့ကြောင်းသိရှိရသည်။

ပထမအကြိမ်စာဆိုတော်နေ့အခမ်းအနားကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်(၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်)တွင်စတင်ကျင်းပခဲ့သည်။ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး နှစ်စဉ် ကျင်းပလျက်ရှိသည်မှာ ယခုနှစ်တွင် ၇၉ နှစ်ကြာခဲ့ပြီ ဖြစ်သည်။ စာပေသည် “ခေတ်၏ကြေးမုံ”ဟုပညာရှိ

များက ကမ္ပည်းတပ်ကြသည်။ မြန်မာစာပေသမိုင်းတွင် နန်းသုံးတော်ဝင်စာပေများအပြင် ကျေးလက်ပြည်သူ အလွှာစုံအထိ ပြည်သူ့အကျိုးပြုစာပေများသည် ခေတ်အဆက်ဆက်၏ ကြေးမုံပြင်တွင်အထင်အရှားကျန် ရှိနေပြီဖြစ်သည်။

မြန်မာစာပေလောကရှင်သန်ဖွံ့ဖြိုးရန်အတွက်ကြိုးပမ်းကြရာတွင်  စာပေကိုပြုစုရေးသား ကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ စာပေပညာရှင်ကြီး များကိုအားပေးချီးမြှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်ပုဂ္ဂိုလ်များ၏စေတနာသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိ သည်။ အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆုစသည်ဖြင့် စာဆိုတော်ကြီးများကိုဆုများပေးအပ်၍ ချီးကျူးဂုဏ်ပြုခြင်း၊ စာရေးဆရာအသင်း အဖွဲ့များဖွဲ့စည်းပြီး စာပေလှုပ်ရှားမှုများပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့သည်လည်း မြန်မာစာပေ လောကဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း မြန်မာ့ယဉ်ကျေးမှုအနုပညာ အသီးသီး ဖြာထွက်ရာ ပင်မ မဏ္ဍိုင်ဖြစ်သည့် မြန်မာစာပေလောကဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်မျှော်ကိုးပြီး စာဆိုတော် ကြီးများ၏ စာပေလက်ရာမွန်များကို နိုင်ငံတော် အဆင့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော် နေ့ရောက် တိုင်းနှစ်စဉ်ချီးမြှောက်ဂုဏ်ပြုပေးလျက်ရှိသည်။ စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသားစာပေဆုကို ၁၉၄၈ ခုနှစ်ကစတင်ပြီးအသွင် အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစိုက်မတ် မတ် စာပေရေးသားပြုစုခဲ့သည့်စာပေပညာရှင်ကြီးများကို အသိအမှတ်ပြုချီးမြှောက် သည့် အနေဖြင့် “အမျိုးသား စာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့သည်။  အကြောင်း အမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန်ရန်အခက်အခဲရှိသည့် ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ်ထုတ်ဝေပေးရန်နှင့်ဆုချီးမြှင့် နိုင်ရေးရည်ရွယ်ပြီး ပြိုင်ပွဲ ဝင်စနစ်ဖြင့် “စာပေဗိမာန်စာမူဆု” အဖြစ်ရွေးချယ်ဆုချီးမြှင့် လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများသည် အရေးပါသကဲ့သို့ ဉာဏ ပစ္စည်း ဆိုင်ရာများကလည်းထပ်တူအရေးကြီးလှသည်။ နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုသုခုမပညာရပ်များသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ အနှစ်ချုပ် ဆိုရသော်“စာပေမြင့်မှလူမျိုးတင့်မည်” ဆိုသည့်အတိုင်း စာပေမြင့်မား အောင်စွမ်းဆောင် ပေးကြသူများအား နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ခြင်းမှာ လွန်စွာဝမ်းသာကြည်နူးဖွယ်ဖြစ်ပါ ကြောင်းရေးသားလိုက်ရပေသည်။ ။