မြန်မာ့ပြည်တွင်းရေးစွက်ဖက်မှုလုံးဝလက်မခံပါ

မြန်မာ့ပြည်တွင်းရေးစွက်ဖက်မှုလုံးဝလက်မခံပါ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ဤစနစ်သည်လည်း ပြည်သူအများလိုလားတောင့်တ၍ ဖြစ်ပေါ်လာသောစနစ်ကို တပ်မတော်က ဦးဆောင်အကောင်အထည်ဖော်ပေးထားခြင်း ဖြစ်သည်။ ဤမျှသမိုင်းအခြေအမြစ်၊ မူဝါဒလမ်းစဉ် ခိုင်ခိုင်မာမာရှိနေသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မနေ့တစ်နေ့ကမှ နိုင်ငံအဖြစ်ခေါ်ဝေါ် ထားသောနိုင်ငံ တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေသည်မှာ မြန်မာပြည်သူတစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ရသော ကိစ္စတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍တက်ကြွသော ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့်လည်းကောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံ အသီးသီးနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ကျင့်ကြံနေထိုင်လျက်ရှိရာ အဆိုပါမူကြီးငါးချက်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုသည့်အတိုင်း မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ ခံ့ခံ့ညားညားနေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့်ပတ်သက်၍ တပ်မတော်သားများကို  တိုက်တွန်းသည်ဟုဆိုကာ တီမောလက်စ်တေ နိုင်ငံ၏ သမ္မတဆိုသူကပြောကြားခြင်းမှာ စည်းကမ်းဘောင်ကျော်လွန်သည်။ မြန်မာ့တပ်မတော်သား များအနေဖြင့် လက်နက်ချဖို့၊ စစ်တန်းလျားပြန်ဖို့ဟု  တီမောလက်စ်တေ သမ္မတက ဗီဒီယိုဖြင့် စွပ်စွဲတိုက်တွန်းခြင်းမှာ နိုင်ငံ့အကြီးအကဲတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်ပင် မတန်ဟုဆိုရပေမည်။ တပ်မတော်သည်   မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာပြီးတိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်း တည်ဆောက်ထားသော အဖွဲ့အစည်းဖြစ်သည်။

တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ ပြည်သူသာအဖဟုခံယူပြီး နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် အစဉ်အမြဲဆက်လက်တည်ရှိနေသည့် အင်အားတောင့်တင်းခိုင်မာသောခေတ်မီမျိုးချစ်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ တပ်မတော်၏ခံယူချက်မှာ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်ဟူ၍ ဖြစ်သည်။

မြန်မာစကားတွင် ယိုသူမရှက် မြင်သူရှက်ဆိုသောစကားရှိသည်။ ထိုစကားအတိုင်းဆိုရလျှင် ပြောသူက အရှက်မရှိသော်လည်း ကြားရသူများကတော့ရှက်မိသည်။ တပ်မတော်သည် ပြိုကွဲသွားမည်မဟုတ်သလို ရှုံးနိမ့်သွားမည်လည်းမဟုတ်ပါ။ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေခြင်းမှာ တပ်မတော် တစ်ရပ်ခိုင်ခိုင်မာမာရှိနေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာခြင်း၏ ဖြစ်ရပ်မှန်မှာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု၊ မဲမသမာမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မဲလိမ်မဲခိုးခြင်းကိစ္စရပ်များကို အထောက်အထားခိုင်လုံစွာ ပြုစုတင်ပြသော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို ပျက်စီးအောင်ပြုမူခြင်းကြောင့်သာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တီမောလက်စ်တေနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ပြောနေခြင်းသာ ဖြစ်သည်။ မြန်မာစကားပုံတွင် သမဏေန သမဏော၊ ဂေါဏေန ဂေါဏော ဆိုသည့်အတိုင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လူသတ်၊ မိုင်းထောင်၊ ပြည်သူအကျိုးစီးပွားဖျက်ဆီးရေးမျိုးစုံလုပ်ဆောင်နေသည့် NUG ၊ CRPH နှင့် PDF တို့နှင့်အကြံတူပေါင်းဖက်နေခြင်းမှာ  ယင်း၏အဆင့်အတန်းကိုပြသနေခြင်းဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို ခရေစေ့တွင်းကျ ထဲထဲဝင်ဝင်မသိဘဲ တီမောလက်စ်တေသမ္မတဆိုသူ၏ တစ်ဖက်စောင်းနင်း ဝင်ရောက်စွက်ဖက် ပြောဆိုချက်များမှာ NUG ၏ အငှားသဘောမျိုးဖြစ်ပြီး ဤသို့ပြောသည့်အတွက် ၎င်း၏ကိုယ်ကျိုးစီးပွား မည်မျှရလိုက်သည်ကို ၎င်းသမ္မတဆိုသူသာ အသိဆုံးဖြစ်ပေလိမ့်မည်။

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်သည်။ မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ၏ Mother Law ကိုစွက်ဖက်ခွင့်မရှိပါ။ တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရက အကြမ်းဖက်အဖြစ် ကြေညာထားသည့်အဖွဲ့နှင့် ဆက်သွယ်ခဲ့ပြီး  မြန်မာ့ပြည်တွင်းရေးကို  ပြောင်ပြောင်တင်းတင်း စွက်ဖက်သည့်အတွက်  အဆိုပါသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁ ရက်ထက် နောက်မကျဘဲ ထွက်ခွာစေခဲ့ပြီး ဖြစ်သည်။ 

အနှစ်ချုပ်ဆိုရသော်  မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်နေသော  လုပ်ဆောင်မှုမှန်သမျှကို ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ရေးသားလိုက်ရပေသည်။   ။