ခေတ်မီတိုးတက်နေသည့် တပ်မတော်(လေ)

 

ခေတ်မီတိုးတက်နေသည့် တပ်မတော်(လေ)

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်)

    တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် မျိုးချစ်တပ်မတော် ဖြစ်သကဲ့သို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်လည်းဖြစ်သည်။ နိုင်ငံတော်အပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်သူများနှင့် လက်တွဲပြီး အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက် ခဲ့ကြသည်ကို ခေတ်အဆက်ဆက် အထင်အရှားတွေ့ မြင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ အစဉ်အလာကြီးမားသည့် ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) ဟူသည့် ညီနောင်တပ်ဖွဲ့ ၃ ခု ညီညွတ်စွာ ပေါင်းစု တည်ထောင်ထားသည့် နိုင်ငံလက်ရုံး အဖွဲ့အစည်းမျိုးကိုသာ ခေါ်ဆိုရမည့် အမည်နာမဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး ဟူသောအသုံးအနှုန်းကိုမြင်တွေ့ကြရပေမည်။ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့၏ ကျွန်ပြုစိုးမိုးမှုအောက်မှ ရုန်းကန်လှုပ်ရှားရင်း မြန်မာ့လွတ်လပ်ရေး ရရှိခဲ့သည်။ တပ်မတော်သည်လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ  ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့အတူ တပ်မတော်(လေ)သည်လည်း လွတ်လပ်ရေး၏ အသီးအပွင့်တစ်ခုအဖြစ် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗမာ့လေတပ်မတော် (Burma Air Force-BAF) စတင်ပေါ်ပေါက်ခဲ့သည်။ ယခုအခါ  တပ်မတော်(လေ)သည် စိန်ရတုအလွန်  တပ်မတော်(လေ)အဖြစ် ခံ့ညားထည်ဝါစွာ ရောက်ရှိခဲ့ပြီဖြစ်သည်။

တပ်မတော်(လေ)အနေဖြင့်  စိန်ရတုအလွန်ခရီးကာလအတွင်း  နိုင်ငံတော် ကာကွယ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်  တရားဥပဒေ စိုးမိုးရေးများအပြင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ  ကူညီရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စသည့်ကဏ္ဍ အသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့် တာဝန်များကို  ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည်ကို  တွေ့မြင်ရပါသည်။ 

 သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းပြီး   ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

တပ်မတော်(လေ)သည် တပ်မတော်၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် အန္တရာယ်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းတွင် ကျရာကဏ္ဍမှ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံပါဝင် ကူညီထမ်းဆောင်ပေးလျက်ရှိပါသည်။

တပ်မတော်၏အဓိက တာဝန်ကြီးသုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကိုလည်း  ဆတက်ထမ်းပိုး  ကျေကျေပွန်ပွန် သယ်ပိုးဆောင်ရွက်လျက်ရှိသည်။ ယခုအချိန်တွင် တပ်အသီးသီးရှိ တပ်မတော်(လေ)အရာရှိ/ စစ်သည်များသည် လေကြောင်း စစ်ဆင်ရေးတာဝန်များ၊ စစ်ဆင်ရေးအထောက်အကူပြု ပျံသန်းရေးတာဝန်များ၊ နယ်မြေလုံခြုံရေး တာဝန်များ၊ အခြားအထောက်အကူပြု တာဝန်များကို နေ့ညရာသီမရွေး စွန့်စွန့်စားစား ထမ်းဆောင်နေကြသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်သည်။

တပ်မတော်(လေ)ကို  အင်အားတောင့်တင်းပြီး   နည်းပညာ အဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်သော တပ်မတော်(လေ)အဖြစ်သို့ ရောက်ရှိရန် တည်ဆောက်လျက်ရှိရာ နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်နိုင်ရေး ခေတ်မီကြိုတင် သတိပေးရေဒါများ၊ မြေပြင်အထောက်အကူပြုစနစ်များကို  တပ်ဆင်အသုံးပြု လာနိုင်ခဲ့ပြီဖြစ်သဖြင့်  မြန်မာ့လေပိုင်နက်နှင့် အချုပ်အခြာအာဏာကို အဆင့်မီကာကွယ်နိုင်ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်သည် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက်  နေ့ဖြစ်သည်။   ခေတ်နှင့်အညီ ခေတ်မီတပ်မတော်(လေ)အဖြစ် ရပ်တည်နေနိုင်ခြင်းကြောင့် ပြည်ပကျူးကျော်မှု အန္တရာယ်ကြုံလာခဲ့သော် ကြိုတင်သိရှိချေမှုန်းနိုင်ပြီ ဖြစ်ပေသည်။ တပ်မတော်(လေ)၏ ဆောင်ပုဒ်ဖြစ်သည့်  “တက်နိုင်ဖျားရောက်” ဆိုသည့်အတိုင်း   တိုက်စွမ်းရည်တိုက်စွမ်းအားလွန်မြင့်မားသည့်တပ်မတော်(လေ)အဖြစ် တည်ရှိနေခြင်းကို ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း ရေးသား လိုက်ရပေသည်။    ။