နိုင်ငံတော်အတွက်အားကိုးအားထားပြုထိုက်သူများ

 

နိုင်ငံတော်အတွက်အားကိုးအားထားပြုထိုက်သူများ

တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားစွာ ပါဝင်လာသော အဖွဲ့အစည်း ဖြစ်သည်။ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းနှင့်တပ်မတော်သမိုင်းသည် ခွဲခြား၍ရနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးကို သမိုင်းစဉ်ဆက် မပြတ်တာဝန်ထမ်းခဲ့ရပြီး နိုင်ငံ့အရေးကြုံလာတိုင်း ကာကွယ်စောင့်ရှောက်ခဲ့သောတပ်မတော် ဖြစ်သည်။ တပ်မတော်သည်အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်လာမည့် ပြည်တွင်းပြည်ပရန်ဟူသမျှကို ကာကွယ်စောင့်ရှောက် လျက်ရှိသည်။

 နိုင်ငံတော်အတွက် အန္တရာယ်ရှိစေခဲ့သည့် ရွေးကောက်ပွဲတွင် ရိုးသားမှန်ကန်မှုမရှိဘဲ မသမာသောနည်းဖြင့် နိုင်ငံတော်အာဏာကို မတရားရယူရန် လုပ်ဆောင်ခဲ့သည့် အခြေအနေများကို ကာကွယ်ပြီး လက်ရှိအခြေအနေတွင ်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်ကာလသတ်မှတ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားအားလုံး၏ ညီညွတ်သောစုပေါင်းအားဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်ကာလဖြစ်သည်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုသည်မှာအများစုကရွေးချယ်ခြင်း၊ အများစု၏ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်း ဖြစ်သည်။ ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှေ၀ ခံစားခြင်း၊ အုပ်ချုပ်မှုတာဝန်ခွဲဝေလုပ်ဆောင်ခြင်း ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်သည့် ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေးသည် အရေးပါလှသည့် လူမှုရေးဦးတည်ချက်တစ်ရပ် ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန် စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းအစီအမံများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့်(KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ အသက်မွေးဝမ်း ကျောင်းပညာနှင့် အထက်တန်းပညာသင်ယူနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အလယ်တန်း အဆင့်ပြီး မြောက်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာများ သင်ယူနိုင်သည့် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို နိုင်ငံတစ်ဝန်းရှိ ခရိုင်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကို အားလုံးစည်းလုံး ညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေးအကျိုးစီးပွားပင်ဖြစ်သည်။ အခြေခံပညာ ကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများတွင် လူငယ်များကို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသောဗလငါးတန် ပြည့်စုံရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ရှင်သန်ကိန်းအောင်းလာပြီးအမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်စွမ်းရှိသော၊ ဥပဒေနှင့်စည်းကမ်းများကိုလေးစားလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များဖြစ်လာပေမည်။ သို့မှသာနောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စု၏အားသည် ပြည်ထောင်စုအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးတို့၏ ပေါင်းစည်းအားပင်ဖြစ်သည်။ ထိုပေါင်းစည်းအားသည် ပြည်ထောင်စု ဖွားတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုပေါ်တွင် တည်ရှိနေပါသည်။ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲများကိုရှောင်ကြဉ်ကာ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှု၊ ညီညွတ်မျှတမှု၊ စိတ်စေတနာကောင်းမှု၊ ဉာဏ်ပညာ အမြော်အမြင်ကြီးမှုတို့ကို အခြေခံ၍ အမျိုးသားရေးစိတ်ဓာတ်များဖြင့် စည်းလုံးညီညာစွာ ဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များအားလုံး ဗလငါးတန်ပြည့်ဝအောင်ကြိုးစားရင်း ဘက်စုံပညာရေးတွင် ထူးချွန်အောင်မြင်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သူများ ဖြစ်လာပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။