ခေတ်သစ်စစ်ပွဲနှင့်ဘက်စုံအသွင်

 

ခေတ်သစ်စစ်ပွဲနှင့်ဘက်စုံအသွင်

ကမ္ဘာတွင်ခေတ်မီနည်းပညာများနှင့် စစ်မှုသိပ္ပံနည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီးနိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ ယင်းတို့၏သြဇာခံအဖြစ်ထားရှိလိုမှုများကြောင့် ခေတ်သစ်စစ်ပွဲများဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ခေတ်သစ်စစ်ပွဲအသွင်သဏ္ဌာန်များကို မြန်မာပြည်သူတစ်ရပ်လုံးက သိရှိနားလည်ကြရမည်ဖြစ်သည်။ နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကိုလေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံများက နောက်ကွယ်မှနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေးစသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်ပြီး လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာအဆင့်မှ AI (Artificial lntelligence)ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာအသုံးပြုကွပ်ကဲထိန်းချုပ်မှု နည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာ တော်လှန်ပြောင်းလဲမှု နည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ (AI) အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည် ဖြစ်သည်။ တပ်မတော်နည်းပညာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် တပ်မတော်အင်ဂျင်နီယာ အရာရှိများအနေဖြင့်  နိုင်ငံတော်ကာကွယ်ရေးတွင် အစွမ်းထက်စွာပါဝင်ကြရမည် ဖြစ်သည်။

ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခေတ်သစ်စစ်ပွဲများကိုမျှော်မှန်းပြီး ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် ဉာဏ်ရည်တုနည်းပညာအပြင် အခြားကာကွယ်ရေးသုတေသန လုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရသည်။ နည်းပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်လာကြသည့်နည်းတူ သတင်းအချက်အလက် စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုများသည် လျင်လျင်မြန်မြန် ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန်အတွက် နိုင်ငံတကာတွင်ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့နိုင်ငံအတွက် အကောင်းဆုံး အသုံးချရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၅)  သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့   တက်ရောက်မိန့်ခွန်းပြောကြားရာ၌ အမိတက္ကသိုလ်ကြီးက အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများအဖြစ် မွေးထုတ်ပေးရာတွင် အခြေခံကျသည့် အင်ဂျင်နီယာပညာရပ်များအပြင် သက်ဆိုင်ရာပညာရပ်နယ်ပယ်အလိုက် အင်ဂျင်နီယာဒဿနအမြင်နှင့် အင်ဂျင်နီယာကျင့်ဝတ်များကို သိရှိလိုက်နာနိုင်စေရန် ဖြည့်စွက်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခြေခံကျင့်ဝတ်များဖြစ်သည့် တိကျခိုင်မာမှု၊ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် အခြေခံအုတ်မြစ်ကောင်းများရရှိပြီး ဖြစ်သဖြင့် လက်တွေ့နယ်ပယ်တွင် အင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခြေခံကျင့်ဝတ်များကို တိကျစွာလိုက်နာ ကျင့်ကြံလုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ထုထည်အကြီးမားဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားကိုးကွယ်ထားရှိရာ ခေတ်မီနည်းပညာသုံး CNC စက်ကြီးများအသုံးပြုပြီး ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပုံဖော်ခြင်း အပါအဝင် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရာ၌ သံမဏိပန်းတောင်း တည်ဆောက်အသုံးပြုခြင်းများကို ပြည်ပမှ အတတ်ပညာရှင်များမပါဘဲ တပ်မတော်သားအင်ဂျင်နီယာများက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံတကာ အင်ဂျင်နီယာ အဖွဲ့အစည်းကပါ အသိအမှတ်ပြုမှု ရရှိခဲ့ခြင်းကြောင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်သား အင်ဂျင်နီယာများအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။

ခေတ်မီတပ်မတော်တည်ဆောက်ရေးတွင် အဓိကကျသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ကျွမ်းကျင်မှုစသည့်ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲအယူအဆများ၊ ပုံသဏ္ဌာန်များ၊ စစ်လက်နက် အသစ်အဆန်းများနှင့် စစ်ဘက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေရန်လိုအပ်သည်။ အနှစ်ချုပ်ဆိုရသော် ကာကွယ်ရေးကဏ္ဍတွင် အသစ်တီထွင်ထုတ်လုပ်မှုနှင့် အဆင့်မြှင့်တင်မှုများကို ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။