ပြည့်တွက်ခွန်အား သမားဇာနည်အောင်စစ်သည်များ

 

ပြည့်တွက်ခွန်အား သမားဇာနည်အောင်စစ်သည်များ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်)

      တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)က မွေးထုတ်ပေးလိုက်သည့်  ဆေးမှူးအရာရှိများသည် ယနေ့မှစပြီး တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးတွင် တပ်မတော်သားများနှင့်  မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး ရတော့မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိသည့် တပ်မတော်သား တစ်ဦးဖြစ်သည်နှင့်အညီ   လိုအပ်လာပါက စစ်မြေပြင်တွင် စစ်ဆင်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင် ကြရမည်ဖြစ်သည်။ ထို့ကြောင့် သင်ကြားပေးလိုက်သည့် စစ်ပညာနှင့်စာပေပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန်အတွက်  အမြဲမပြတ် လေ့လာကြိုးပမ်းနေရမည်ဖြစ်သကဲ့သို့ ဆေးဝန်ထမ်း တပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် “ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန် (Make  Fit to Fight)”ဆိုသည့် ရည်မှန်းချက်တာဝန်ကိုလည်း   တစ်ထောင့်တစ်နေရာမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

    တာဝန်ကျရာဒေသအသီးသီးရှိ  တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးသာမက   တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေးကိုလည်း  “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ”ဟူသည့်  ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက် သွားကြရမည်ဖြစ်သည်။   ထို့ပြင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် (Prevention is better than cure)  ဆိုသည့်အတိုင်း   ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ မြင့်မားလာအောင် အသိပညာ ဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာ ပညာပေးသည့် လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမည်ဖြစ်သည်။

    တပ်မတော်သမိုင်းတွင်   ဆေးဝန်ထမ်းတပ်ဖွဲ့ ဂုဏ်ဆောင်    ဗိုလ်ကြီးသူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် အသက်စွန့် အမှုထမ်းခဲ့သူများ အမြောက်အမြားရှိသကဲ့သို့ နိုင်ငံတကာ ဆေးပညာရှင်များနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်သားအရာရှိ ဆရာဝန်များလည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသည်။ အဆိုပါ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး အနာဂတ်တာဝန်များ ပခုံးပြောင်း ထမ်းဆောင်ကြရမည့်သူများသည် စစ်ဘက်၊ နယ်ဘက်ဥပဒေများကို တိကျစွာလိုက်နာကြရမည် ဖြစ်သည်။

    တပ်မတော်အရာရှိ ဆရာဝန်များအနေဖြင့် စစ်သည်တော်တိုင်း လိုက်နာရမည့် ကျင့်ဝတ်ခြောက်ဆယ်ကို လိုက်နာရသလို ဆရာဝန်များ အဓိဋ္ဌာန်ကတိသစ္စာ (၉) ချက်ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲတမ်းစောင့်ထိန်း လိုက်နာကြရသည်။ တပ်မတော်အရာရှိ ဆရာဝန်များမှာ   စိတ်ဓာတ်နှင့်ခံယူချက်များ ကောင်းမွန်အောင် လေ့ကျင့်ပေးထားပြီးဖြစ်သည့်အတွက်  နိုင်ငံတော်အတွက်   လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သည့်နေရာတိုင်းသို့ ကိုယ်ပိုင်ဆန္ဒပြုကာ ထမ်းဆောင်နေသည်မှာ ဂုဏ်ပြုဖွယ်ကောင်းလှသော စိတ်ဓာတ်ဖြစ်သည်။ လူနာများအပေါ် စေတနာ၊ အကြင်နာ၊ ကရုဏာဖြင့် ကိုယ်ချင်းစာနာမှုများ ထားရှိဆောင်ရွက်သည်မှာ စိတ်ဓာတ်ကောင်းမွန်ခြင်းကို ပြသခြင်းဖြစ်သည်။

    “သမားဇာနည် အောင်စစ်သည်”ဟူသည့် တပ်မတော်ဆေးတက္ကသိုလ်၏   ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့်  ဆေးမှူးအရာရှိကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှကြိုးစား အားထုတ်သွားကြရမည်ဖြစ်သည်။ ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး သုတေသနပြုပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆေးဘက်ပညာရှင်များ ဖြစ်လာအောင် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှာလည်း တာဝန်ကျရာ တပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထုများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ်၏ ဂုဏ်၊  ဆေးဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပြီး   ထူးချွန်ထက်မြက်သည့်    ဆေးသိပ္ပံပညာရှင်ကောင်း တစ်ဦးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်သည်။

    ဆေးပညာရပ်နယ်ပယ်တွင် မြင့်မားသည့် ဆေးပညာရပ်များ များစွာရှိနေသည့်အတွက် ခေတ်အလိုက် ပေါ်ထွက်နေသည့် အသစ်အသစ်သော ပညာရပ်များကို မျက်ခြည်မပြတ်စေရေး ဘဝတစ်လျှောက်လုံးတွင် လေ့လာဖတ်ရှုမှတ်သားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။အနှစ်ချုပ်ဆိုရသော် သမားဇာနည်အောင်စစ်သည် ဂုဏ်သိက္ခာနှင့်အညီ ခေါင်းဆောင်ကောင်း၊ ဆရာဝန်ကောင်း၊ စစ်သည်တော်ကောင်းများ အဖြစ် ပြည်သူလူထု၏ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်အောင်မြင်ကြပါစေကြောင်း   ရေးသားလိုက်ရပေသည်။   ။