ပြင်ဦးလွင်မှာ အပန်းဖြေပါ

 

ပြင်ဦးလွင်မှာ အပန်းဖြေပါ

မြန်မာနိုင်ငံတွင် ရာသီဥတုနှင့် ရှုခင်း၊ ရှုကွက်သစ်ပင်ပန်းမန်များ လှပသောမြို့များစွာရှိသည့်အနက် ပြင်ဦးလွင်မြို့မှာ  ထူးခြားထင်ပေါ်သောမြို့ ဖြစ်သည်။ ပြင်ဦးလွင်သည် နောင်တစ်ခေတ်၏အောင်စစ်သည် အရာရှိများနှင့် ကျင့်ဝတ်တီထွင်စွမ်းအားရှင် ဆိုသည့် အင်ဂျင်နီယာအရာရှိများ မွေးဖွားရာအောင်မြေလည်း ဖြစ်သည်။ ပြင်ဦးလွင်ကို ယခင်က မေမြို့ဟုခေါ်တွင်ခဲ့သည်။ မေမြို့ဆိုသည်မှာ အင်္ဂလိပ်တို့ မှည့်ခေါ်ခဲ့သည့် အမည်ဖြစ်သည့်အတွက် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ပြင်ဦးလွင်ဟု ပြောင်းလဲခဲ့သည်။ ပြင်ဦးလွင်မှာ ကုန်းဘောင်ခေတ်ကတည်းက ခေါ်ဝေါ်ခဲ့သော မြန်မာတို့၏ကိုယ်ပိုင်အမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်ဟု ခေါ်ဆိုကြသည်နှင့်အညီ ပန်းချယ်ရီနှင့် စတော်ဘယ်ရီများ၊ အရောင်အသွေးနှင့် ဒီဇိုင်းလှပသည့် သိုးမွေးဆွယ်တာများ၊ တောစံပယ်နှင့်ပန်းရိုင်းနေကြာများ၊ ချိုမြမြရှတတဝိုင်မျိုးစုံနှင့် ကော်ဖီတို့မှာ ပြင်ဦးလွင်၏ အမှတ်အသားဖြစ်သည်။ ပြင်ဦးလွင်မြို့၏ အထင်ရှားဆုံးနေရာနှစ်ခုမှာ အမျိုးသား ကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတို့ဖြစ်သည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ မြန်မာတို့၏ရုံးပိတ်ရက် များနှင့် အခါကြီးရက်ကြီးပိတ်ရက်များတွင် လာရောက်အနားယူ အပန်းဖြေသူများနှင့် ပြည့်နေသည့် နေရာဖြစ်သည်။ ပန်းရောင်စုံများဖြင့်လှပ၍ ရှုချင်စဖွယ်ဖြစ်အောင် စိုက်ပျိုးထားခြင်းကြောင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို လာရောက်လည်ပတ်သူများနေခြင်း ဖြစ်သည်။ ကန်တော်ကြီးဥယျာဉ်အတွင်း ရေဝင်ရောက်မှုမှာလည်း သတ်မှတ်ရေပြည့်ပမာဏထက်ပင် ကျော်လွန်နေသည့်အတွက် စိတ်ချမ်းမြေ့ဖွယ်ဖ ြစ်သည်။

ပြင်ဦးလွင်မြို့တွင် ခရီးသွားဧည့်သည်များ အပန်းဖြေလေ့လာရမည့်နေရာမှာ ပွဲကောက်ရေတံခွန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့် LED မှန်တံတားကို ကမ္ဘာ့အဆင့်မီထည့်သွင်းဆောက်လုပ်ထားသည်။ လာရောက်အပန်းဖြေသူများ စိတ်ချမ်းမြေ့ပျော်ရွှင်နိုင်စေရန်ရည်ရွယ်၍ ပွဲကောက်ရေတံခွန်ကို အဆင့်မြှင့်တင် ဆောင်ရွက်ထားရာ မှန်တံတား၊ ကြိုးတံတားများအပြင် Log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်း အဆင့်မြှင့်တင်ထားရှိသည်။ ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည်ဆောက်ထားရှိပြီး ဖြစ်သည်။ ခရီးသွားများအနေဖြင့် လိုက်ပါစီးနင်း၍ သဘာဝ ပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်သည်။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က လူရည်ချွန်စခန်းနှင့်ကင်းထောက်စခန်းချရာနေရာဖြစ်သည်။

ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E.FALLS) တွင် ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့် အလှပြပြကွက် များကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။ နိုင်ငံတိုင်းသည် ခရီးသွားလုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိရာ  မြန်မာနိုင်ငံသည်လည်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည့် ခရီးသွားလုပ်ငန်းကို  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ချမ်းသာစွာ လေ့လာလည်ပတ်နိုင်သည့် နေရာများတွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးနှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတို့မှာ ဦးစားပေးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၁ ရက်က ပွဲကောက်ရေတံခွန်စခန်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(B.E.FALLS)အတွင်း ပြည်သူများ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်းစိုပြည်မှုရှိအောင်ဆောင်ရွက်ရန်၊ သစ်ပင်ပန်းမန်များကို စနစ်တကျစိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့်တံတားများ ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် ရေများသန့်ရှင်းကြည်လင်မှု ရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြားဖြည့်စွက် ဆောင်ရွက်သင့်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပြင်ဦးလွင်သည် နွေ၊ မိုးနှင့်ဆောင်းရာသီတို့တွင် အချိန်မရွေး အနားယူအပန်းဖြေရန် အကောင်းဆုံးမြို့တစ်မြို့ ဖြစ်သည်။ ရာသီအလိုက်ပွဲတော်များဖြစ်သည့် မီးပုံးပျံပွဲတော်နှင့် ဒီဇင်ဘာပန်းပွဲတော်တို့မှာ စည်ကားလှသည်။ ယခုအခါ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင်  နှစ်စဉ်ဒီဇင်ဘာပန်းပွဲတော်အား ကျင်းပခဲ့ရာ (၁၆)ကြိမ်မြောက် ပန်းပွဲတော်ကိုလည်း ၁၆-၁၂-၂၀၂၃ မှ ၁၄-၁-၂၀၂၄ ထိစည်ကားစွာ ကျင်းပလျက်ရှိသည်။

ထို့ပြင် ခရီးသွားဧည့်သည်များလေ့လာကြည့်ရှုရန် ရှေးဟောင်းအဆောက်အအုံ ၅၀၀ ကျော်ရှိပြီး စိတ်ဝင်စားဖွယ်နေရာဒေသများပင် ဖြစ်သည်။

ကော်ဖီကိုစိတ်ဝင်စားသူများ၊ ကြိုက်နှစ်သက်သူများအတွက် နန်းမြိုင်ကော်ဖီသည်လည်း နာမည်ကောင်းရှိသည်။ နန်းမြိုင်ကော်ဖီမှာ ပြည်တွင်းမှာလူကြိုက်များသလို ပြည်ပမှာလည်းနာမည်ကောင်းရရှိပြီးသား ဖြစ်သည်။ ထုပ်ပိုးမှုသေသပ် လှပသလို ကော်ဖီအရသာမှာလည်း အထူးပင်ကောင်းမွန်သည်။ မြန်မာ့ကော်ဖီ အရည်အသွေးနှင့် ထုတ်လုပ်မှု တိုးတက်ရေးအပြင် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး ဆောင်ရွက်နေသည့် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်ကော်ဖီခြံ)သည် ပြင်ဦးလွင်၏ ဂုဏ်ရောင်ကို ပိုမိုမြှင့်ပေးသည့်နေရာဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာနှင့် အပန်းဖြေအနားယူလိုပါက ပြင်ဦးလွင်မြို့သည် အပန်းဖြေစရာ နေရာတစ်ခုပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။