ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့

ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ စတင်ကျင်းပသည်။ အဆိုပါ လူငယ်နှင့်စာပေ အနုပညာပွဲတော်ကို လူငယ်များဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များစာပေနှင့်ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ် ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုး ထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာအနက် လွန်စွာ တန်ဖိုးရှိလှသည့် လူငယ်များလူသား အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ပြောရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ခုတိုးတက်ဖွံ့ဖြိုးခြင်း၏ အခြေခံသည်ပညာတတ်လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင် ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည်ဟု မိမိအနေဖြင့် ယုံကြည်သည့်အတွက် နိုင်ငံသားတိုင်းပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန် လိုသည်ကို မကြာခဏတွန်းအားပေး ပြောကြားခဲ့ပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

လူငယ်နှင့်စာပေအနုပညာပြပွဲပြသခြင်းဖြင့် မျိုးဆက်သစ်တို့ကိုယ်တွေ့မကြုံလိုက်ရသော အကြောင်းအရာ၊ အဖြစ်အပျက်များကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ကြရမည်ဖြစ်သည်။ လွတ်လပ်ရေးဆိုသည်မှာ မိမိတို့ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိလျှင်၊ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်မည့်သူမရှိလျှင် အချိန်တိုတိုအတွင်း ဆုံးရှုံးနိုင်ပါသည်ဟူသောအသိ၊ လွတ်လပ်ရေးပြန်လည်ရရှိရေးအတွက် ကြိုးစားရာတွင် နှစ်ပေါင်းကြာရှည်စွာ ပြန်လည်တိုက်ခိုက်ရသည်ဟူသော အသိများရရှိမည်ဖြစ်သည်။ လူငယ်တိုင်းမှာ အနာဂတ်ကိုပိုင်စိုးသူများ ဖြစ်သည့်အတွက် မိမိတို့ကြီးပြင်းလာသည့်အခါ နိုင်ငံတော်နှင့်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် မိမိတို့တာဝန်ဖြစ်သည်ဟူသော အသိများရရှိမည်ဖြစ်သည်။

လူငယ်ဆိုသည်မှာတက်ကြွပျိုရွယ်သည်မို့ အားမာန်အပြည့်အဝရှိသည်။ ရုပ်ဆင်းသွင်ပြင်တွင်လည်း အားမာန်ပြည့်နေသည်။ စိတ်ဓာတ်ပိုင်းတွင်လည်း အားမာန်ပြည့်နေသည်။ ဆောင်ရွက်လိုသော ကိစ္စကိုအားမာန် အပြည့်ဖြင့် စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည်။ ထို့ပြင်လူငယ်၏စိတ်ဓာတ်သည် စင်ကြယ်သည်၊ ရိုးဖြောင့်သည်၊ မှန်သည်၊ တရားသည်ကိုလိုလားသည်။ အများအကျိုးဆောင်ရွက်လိုစိတ်ထက်သန်သည်။ လူငယ်တစ်ဦးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့်နယ်ပယ်အမျိုးမျိုးတွင် အားမာန်ဖြင့်ဆောင်ရွက်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် ကောင်းရာကောင်းကြောင်း ဦးဆောင်ခဲ့သူများမှာ လူငယ်များဖြစ်ကြောင်း သမိုင်းကသက်သေဖြစ်သည်။ လူငယ်တို့အားမာန်ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့သော နယ်ပယ်မှာ စာပေအနုပညာနယ်ပယ် ဖြစ်သည်။

နိုင်ငံနှင့်လူမျိုးအကျိုးကို  သယ်ပိုးဆောင်ရွက်လိုသောစိတ်ဓာတ်သည်  ယဉ်ကျေးသောစိတ်ဓာတ်၊ အဆင့်မြင့်သော မွန်မြတ်သောစိတ်ဓာတ်ဖြစ်သည်။ မြန်မာလူငယ်တို့သည် သမိုင်းစဉ်တစ်လျှောက် နိုင်ငံနှင့်လူမျိုးအတွက် အစွမ်းရှိသမျှကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးသော၊ အဆင့်မြင့်သော၊ မွန်မြတ်သော စိတ်ဓာတ်တို့ကို ထင်ရှားစေခဲ့သည်။ ကိုလိုနီခေတ်မှစ၍ကြည့်လျှင် အမျိုးသားရေး စိတ်ဓာတ်ပြန်လည် နိုးကြားစေခဲ့သည့် မှတ်တိုင်ဖြစ်သော ဝိုင်အမ်ဘီအေအသင်းကြီးကို စတင် တည်ထောင်သူများမှာ ခေတ်ပညာတတ်လူငယ်များပင် ဖြစ်သည်။

 လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာအောင် သင်ကြားပေးနိုင်ခြင်းမျိုးမှာ တာဝန်ကိုကျေပွန်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော်ကို ကြည့်ရှုလေ့လာပြီး လူငယ်မောင်မယ်များအနေဖြင့် ပြည်ထောင်စု အကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ ပြုမူကျင့်ကြံနေထိုင်သွားကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။