မြန်မာတို့အတွက် မြန်မာ့တိုင်းရင်းဆေး

 

မြန်မာတို့အတွက် မြန်မာ့တိုင်းရင်းဆေး

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၂၂)ကြိမ်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခုကျင်းပသည့် (၂၂)ကြိမ်မြောက်  မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့်   မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို   တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်   ပြည်တွင်းပြည်ပရှိ   ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲအကြိုညှိနှိုင်း ဆွေးနွေးပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)နေပြည်တော်တွင် ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ ညီလာခံတွင်တင်သွင်းမည့် အဆိုပြုချက်လေးခုနှင့် ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ဒီဇင်ဘာလ ၂၁ ရက်တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်တွင်လည်းကောင်း နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပလျက်ရှိပြီး  ညီလာခံတွင် ပြည်သူလူထုအကျိုးပြု အဆိုပြုချက်လေးခုကို တင်ပြဆွေးနွေးကြမည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိပြည်သူများအနေဖြင့် တိုင်းရင်းဆေးကုထုံးများကိုလက်မလွှတ်ဘဲ အားကိုးအားထားပြု၍ သုံးစွဲကုသလျက်ရှိကြသည်။ ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ ရောဂါကို တိုင်းရင်းဆေးများဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါ အပါအဝင်အခြား ရာသီတုပ်ကွေးရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးခါးကြီးပါဝင်သော ဝိသမအဖျား ပျောက်ဆေးကို  လူနာများတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် တိုင်းရင်းဆေး ပညာဦးစီးဌာနက သိပ္ပံနည်းကျသုတေသန အဆင့်ဆင့်ဆောင်ရွက်၍ ထုတ်လုပ်ကာ လူနာများအား အောင်မြင်စွာ ကုသပေးနိုင်ပြီဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများကို အသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို  စောင့်ရှောက်ပေးခဲ့ကြသည်။ ရှေးကနန်းတွင်းသမားတော်ကြီး အပါအဝင် သမားတော်ကြီးများ အစဉ်အဆက်ထိန်းသိမ်းကာ လက်ဆင့်ကမ်းပေးခဲ့သော မြန်မာတို့၏ ရိုးရာအမွေဖြစ်သည့်  မြန်မာ့တိုင်းရင်းဆေးများကို   မျိုးဆက်သစ်အဆက်ဆက်က  ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ယခုကဲ့သို့ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို စီစဉ်လုပ်ဆောင်ခြင်းမှာ လွန်စွာသင့်မြတ်မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သည်။

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်း၊ တိုင်းရင်းဆေးနှင့် နှီးနွှယ်ပညာရှင်များ၏ တိုင်းရင်းဆေးပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ပြည်သူလူထုကြားတွင် တိုင်းရင်းဆေးကိုအားကိုး အားထားပြုလျက်ရှိနေပြီ ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံ၏ရေမြေသဘာဝ၊ မြန်မာ့ ဓလေ့စရိုက်နှင့် မြန်မာလူမျိုးတို့ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓဘာသာတို့ကို အခြေခံသည့် ရိုးရာအယူအဆ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်ယှက်နွှယ်၍ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း အမျိုးသားရေးအမွေ အနှစ်ဆေးပညာ တစ်ရပ်အဖြစ်   ရှင်သန်လာခဲ့သည်။ မြန်မာ့တိုင်းရင်းဆေးလောကတွင် ဆရာကောင်း၊ သမားကောင်းများ ရှိနေခြင်းမှာ မြန်မာတို့အတွက်အားတက်ဖွယ်ဖြစ်သည်။ထို့ကြောင့် ယခုအခါ မြန်မာ့တိုင်းရင်းဆေး ပညာရပ်များ မြင့်မားတိုးတက်ရေးကို လုပ်ဆောင်နေခြင်းကိုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။  ။