ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီးအရာရှိကောင်းများ

 

ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီးအရာရှိကောင်းများ

ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏စွမ်းဆောင်ရည်ကဏ္ဍသည် ကျယ်ပြန့်လာသည့်အပြင် ထူးချွန် ထက်မြက်သည့် အမျိုးသမီးပညာရှင်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်များတွင် အမျိုးသမီးများ၏ စစ်မှုထမ်းဆောင်ခြင်း အခန်းကဏ္ဍသည် များပြားလာပြီး အခန်းကဏ္ဍအလိုက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီ ဖြစ်သည်။မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘွဲ့ရအမျိုးသမီးအရာရှိ များကို အမှတ်စဉ်(၁၀)အထိ မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင် နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း (အရာရှိ)များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် ဟူသော ကောင်းမွန်သည့်ရည်ရွယ်ချက်နှင့် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ် မွေးထုတ် ပေးလျက်ရှိသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးမရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်သည်။

ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူ ရင်ပေါင်တန်းပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထားလေ့ကျင့်ပေးလျက်ရှိသည်။ နိုင်ငံ၏သမိုင်း နှင့် တပ်မတော်၏ သမိုင်းသည်တစ်ထပ်တည်းတည်ရှိနေသည်။ နိုင်ငံသည်လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှုချေမှုန်းရေးကာလနှင့် ပါတီစုံဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့်ကြုံတွေ့ ခဲ့ရသလို တပ်မတော်သည်လည်း နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံတော်နှင့်အတူ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန်ကြိုးပမ်းထမ်းဆောင်ခဲ့ရသည်။ ဤသည်မှာ တပ်မတော်၏ အစဉ်အလာကောင်းများပင်ဖြစ်သည်။

မြန်မာ့တပ်မတော် သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည်လေ့လာ ကြည့်မည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့်စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့်ကယ်ဆယ်ရေး တပ်ဖွဲ့များတွင် တာဝန်ပေးခဲ့သည်။

၁၉၅၄ ခုနှစ်ကဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့ဝင်များမှ အမျိုးသမီးအရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိခဲ့သည်။

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိခဲ့ကြသူတို့အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တက္ကသိုလ်မှ ရရှိလာသည့် လူမှုဆက်ဆံရေးအတွေ့အကြုံများ၊ ဗိုလ်သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်းနှင့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

တပ်မတော်သည်ပြည်သူလူထုအတွင်းမှမွေးဖွားလာသော ရင်နှစ်သည်းချာ သားသမီးရတနာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဖြစ်ရာ ပြည်သူမွေးဖွားပြည်ချစ်စစ်သား၊ စစ်သမီးတို့သည် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကိုသာ ဆောင်ရွက်ကြမည်ဖြစ်သည်။ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရာတွင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၀)မှ အမျိုးသမီးအရာရှိများသည် ပေးအပ်လာသည့်တာဝန်များကို ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှအလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှု၊သက်ဆိုင်သည့်လုပ်ငန်းတာဝန်များတွင် ကျွမ်းကျင်မှုရှိပြီး ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီးအရာရှိကောင်းများ ဖြစ်အောင် ကြိုးစား လုပ်ဆောင်ကြရန် ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။