တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်)

    တရားမဝင်ကုန်သွယ်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “နိုင်ငံတကာဥပဒေတွေ အရ သတ်မှတ်ထားသည့်တရားမဝင် ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံရရှိခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းနှင့်အဆိုပါ ဆောင်ရွက်ချက်များကို အားပေးရန်ရည်ရွယ်သည့် မည်သည့် လုပ်ဆောင်မှုကိုမဆို တရားမဝင်ကုန်သွယ်မှု”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကနေရာမှပါဝင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရေး၊ အကောက်ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များ အာမခံချက်ပေးနိုင်ရေးတို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများရှိအစိုးရများ အနေဖြင့်လည်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့် တရားမဝင် ကုန်သွယ်မှုများကို ပပျောက်စေရန် အထူးအာရုံစိုက် ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် နိုင်ငံအတွင်း MSMEs နှင့်စက်မှုဇုန်များက သွင်းကုန်အစားထိုး ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန်၊ နိုင်ငံ့ဝင်ငွေနှင့် သုံးစွဲငွေမျှတရန် အတွက် ပို့ကုန်တင်ပို့မှု ပိုမိုအားကောင်းစေရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းထက် စက်မှုထွက်ကုန် တစ်နည်းအားဖြင့် Supply Chain  မှ Value Added ကုန်ချောပစ္စည်းများ တင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေပိုမိုတိုးတက် ရရှိရေးဆောင်ရွက်လျက် ရှိသည်။

ပြည်ပနိုင်ငံများတွင် စက်မှုထုတ်ကုန်ချောများ ဈေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အမြား ထုတ်လုပ်ကြသည့်အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့် ပိုမိုသက်သာမှု ရှိသည်ကိုတွေ့ရှိရသည်။

မြန်မာနိုင်ငံအတွင်းစက်မှုထွက် ကုန်ချောများအနေဖြင့် ထုတ်လုပ်နိုင်မှု အားနည်းချက်၊ ကန့်သတ်ချက်များရှိခဲ့ပါက ပစ္စည်းတစ်ခုချင်း၏ ကုန်ကျစရိတ် တန်ဖိုးအနေဖြင့် ဈေးနှုန်းကြီးမြင့်ပြီး ပြည်ပကတရားမဝင် တင်သွင်းလာမှုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ စက်မှုဇုန်ကုန်ထုတ် လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပေသည်။ ထို့ကြောင့် ပြည်တွင်းသုံးအပြင် ထုတ်လုပ်ကုန်ချောပစ္စည်းများကို ပို့ကုန်အဖြစ်တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့်   ပြည်ပကတရားမဝင် ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျတားဆီး စစ်ဆေးအရေးယူရပေမည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ “တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက်ရရှိမည့် အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ်ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှုဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည် ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် အတုအပများ၊ သက်တမ်းလွန်ကုန်စည်များကြောင့် သုံးစွဲသူ ပြည်သူများထိခိုက် နစ်နာမှုဖြစ်ပေါ်နိုင်ခြင်း စသည့်ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေနိုင်ပါကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မိမိတို့အားလုံးက “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သတင်းအချက်အလက် ရရှိရေးသည်အရေးပါသည်။ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတို က်ဖျက်ရေးအထူးအဖွဲ့က၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ခဲသတ္တုတန်ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလီယံကိုဖမ်းဆီးနိုင်ခဲ့သည်။ အကောက်ခွန်ဦးစီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် စင်ကာပူနိုင်ငံမှ လာသည့် လေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်သုံးဦးကို သတင်းအရစောင့်ကြည့် စိစစ်ရှာဖွေခဲ့ရာ ရွှေ ၁၆ ကီလိုဂရမ်၊ အမေရိကန် ဒေါ်လာ ၁၂၀၀၀၀၊ Phone ၂၅၉ လုံးစုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃ ဒသမ ၉၄၆ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သည်။ ဤသည်မှာ ထူးထူးခြားခြားဖြစ်စဉ်များဖြစ်သည်။သတင်းပေးသူများကို ဆုကြေးငွေ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေးခဲ့ပြီး သတင်းကွန်ရက် တည်ဆောက်ထားရန်နှင့် ရရှိလာသည့် သတင်းများကို အကျိုးရှိစွာ အသုံးချတားဆီးစစ်ဆေး အရေးယူကြရန်ဖြစ်ပါသည်။

နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းများကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ မူးယစ်ဆေးဝါးနှင့် လက်နက်များ တရားမဝင် ကုန်သွယ်မှုကို ဖမ်းဆီးရမိခြင်းမှာ လူသားတို့၏ အသက်ကို ကယ်တင်ခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။