ရွှေနိုင်ငံနှင့်ရွှေပင်လယ်ကိုကာကွယ်နေသည့် တပ်မတော်(ရေ)

 

ရွှေနိုင်ငံနှင့်ရွှေပင်လယ်ကိုကာကွယ်နေသည့် တပ်မတော်(ရေ)

တပ်မတော်ဟုဆိုလိုက်သည်နှင့် ကြည်းတပ်၊ရေတပ်၊လေတပ်ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေး တပ်ပေါင်းစုကို ဆိုလိုကြောင်း သိနားလည်ကြသည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သလို တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊တပ်မတော်(လေ)တို့သည်လည်း တပ်မတော်၏အစိတ်အပိုင်းများဖြစ်ကြသည်။ တပ်မတော် (ရေ)၏နှစ်ပတ်လည်နေ့သည် နှစ်စဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ဖြစ်သည်။  တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဗမာပြည်ဘုရင့်အပျော်တမ်းအရန်ရေတပ်အား ဗမာ့ရေ တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်ရေယာဉ်(မေယု)၏ပထမဦးဆုံးသော မြန်မာနိုင်ငံသား စစ်ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုက ရေတပ်ဦးစီးချုပ်အဖြစ် ဗြိတိသျှဗိုလ်မှူးကြီး ကေအက်စ်လိုင်းထံမှတာဝန် လွှဲပြောင်းလက်ခံခဲ့ရသည်။ လွတ်လပ်ရေးမရမီ ရက်ပိုင်းအလိုတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်ခဲ့သည်မှာ ထို့ထက်မက ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

ယခုအခါတပ်မတော်(ရေ)သည် (၇၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဖြတ်သန်းခဲ့ရသော(၇၆)နှစ် ကာလရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများကြောင့် ရေမြင့်၍ကြာတင့်သည့်ပမာ ရင့်ကျက်တည်ငြိမ်ပြီး ခေတ်မီဆန်းသစ်တိုးတက်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။   ဒေသတွင်းနိုင်ငံများက ခံ့ညား လေးစားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်(ရေ)အဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်(ရေ)ကိုတည်ဆောက်ရာ၌ အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်ရန်  သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy)အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်(Adjacent Force Projection Navy/ Regional Navy)အဖြစ်လည်းကောင်း၊ ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ်လည်း ကောင်း မျှော်မှန်းတည်ဆောက်လျက်ရှိပေသည်။

မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းနှင့် ကျယ်ပြောသောပင်လယ်ပြင်ကို ပိုင်ဆိုင်ထားပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် ၂၃၃၃ ကီလိုမီတာခန့်ရှည်လျားသော ကမ်းရိုးတန်းနှင့် ၄၉၇၀၃၇ စတုရန်းကီလိုမီတာခန့်ကျယ်ဝန်းသော ရေပြင်တို့ကိုပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံ၏ သီးသန့်စီးပွားရေး ဇုန်သည် အခြေခံမျဉ်းမှပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိရှိသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းနှင့် နီးကပ်စွာမဟာဗျူဟာကျကျ တည်ရှိနေသည်။ အပြာရောင်စီးပွားရေးအတွက် အလားအလာရှိသောအချက်ဖြစ်သည်။ ထိုကဲ့သို့ ပိုင်ဆိုင်ထားခြင်းသည် မြန်မာနိုင်ငံအတွက် သဘာဝကပေးသည့် အမွေအနှစ်ပင်ဖြစ်သည်။ အဖိုးတန်ရေပေါ်ရေအောက်သယံဇာတများ၊ သဘာဝ အလှတရားများနှင့်ပြည့်စုံသော ကျွန်းကြီးကျွန်းငယ်များ၊ လှပသော ပင်လယ်ကမ်းခြေများ ပေါများလှသည်။ ထို့ပြင် မျက်မှောက်ခေတ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့တွင် အဓိကကျသော အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်တို့ကိုလည်း  ပိုင်ဆိုင်ထားသည်။ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းများ၏ ထိန်းချုပ်နေရာတွင်တည်ရှိနေသော  မြန်မာ့ပင်လယ်ပြင်ကို ရွှေနိုင်ငံ၏ ရွှေပင်လယ်ဟုပင် သတ်မှတ်နိုင်သည်။

တပ်မတော်(ရေ)၏ အောင်မြင်တိုးတက်မှုများတွင် တပ်မတော်(ရေ)၏တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို  ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်နိုင်ခြင်းဖြစ်သည်။အဆင့်အတန်းမီစစ်ရေယာဉ်များကို လျင်မြန်စွာ ဧရာခင်း၊ တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်နိုင်ခဲ့ပြီး တပ်မတော်(ရေ)၏ တိုက်စွမ်းရည် နှင့်တိုက်စွမ်းအားတို့ကို အားသစ်လောင်းပေးလျက်ရှိရာ ဝယ်ယူအသုံးပြုသူမှ တည်ဆောက်သူအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေကုန်ကျမှုများစွာ လျော့နည်းခဲ့သည့်အပြင် တပ်မတော် (ရေ)အရာရှိ ၊ စစ်သည်များ၏ ဟန်ချက်ညီညီကြိုးပမ်း ထုတ်လုပ်အောင်မြင်မှုများကို ထင်ရှားစွာ မြင်တွေ့ရသည် မှာဂုဏ်ယူဝမ်းသာဖွယ်ဖြစ်သည်။

တပ်မတော်(ရေ)၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်မှာ တိုက်စွမ်းအား များဖြစ်သော စစ်ရေယာဉ်များအပေါ် များစွာမူတည်ပါသည်။တပ်မတော်(ရေ)၏ စစ်ဆင်ရေးနယ်ပယ်လေး ရပ်ဖြစ်သော ရေပြင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေး နယ်ပယ်များတွင် ဟာကွက်မရှိကွက်ပြည့်နင်းစစ်ဆင်နိုင်ရန်လိုအပ်သည်။ ရေတပ်၏စွမ်းအား သည် ပင်လယ်ပြင်မှ ကုန်းမြေအပေါ် အကျိုးသက်ရောက်မှုပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ရေကြောင်းသယံ ဇာတများကို ကာကွယ်ပေးနိုင်ရေးတို့ ဖြစ်သည်။ သဘာဝကပေးအပ်ထားသော သယံဇာတအရင်းအမြစ်များ များစွာရှိသည့်အတွက် စီးပွားရေး အခွင့်အလမ်းများလည်း များစွာရှိသည့်နိုင်ငံဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် တပ်မတော်(ရေ)သည် နိုင်ငံတော်နှင့်တပ်မတော်အတွက် စစ်ရေယာဉ်အသင့်၊ လက်နက်နှင့်လက်နက် စနစ်အသင့်၊ ရေတပ်သားအသင့်ဟူသော သင့်(၃)သင့်ဖြင့် ရွှေနိုင်ငံနှင့်ရွှေပင်လယ်ကို ကာကွယ်သည့် တပ်မတော်(ရေ)အဖြစ် ရပ်တည်နေခြင်းကို ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။   ။