ပညာရေးနှင့်အားကစားစွမ်းရည်

 

ပညာရေးနှင့်အားကစားစွမ်းရည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ များ၌ကျင်းပလျက်ရှိသည်။ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀၀ ဦးပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဘောလုံး(ကျား)၊ ဘော်လီဘော(ကျား) (မ)၊ ပိုက်ကျော်ခြင်း(ကျား)နှင့်ပြေး၊ ခုန်၊ ပစ် အားကစားနည်းများ ပါဝင်မည်ဖြစ်သည်။ ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲကို ယမန်နှစ်ကစပြီး နေပြည်တော်တွင် ဗဟိုအဆင့်အနေဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပညာရေးဒီဂရီကောလိပ်အသီးသီး၏ကျောင်းတွင်း အားကစားပြိုင်ပွဲများမှတစ်ဆင့် အထက်မြန်မာပြည်ဇုန်၊ အောက်မြန်မာပြည်ဇုန် ဇုန်အဆင့်ပွဲများကို အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြပြီးမှ ဗဟိုအဆင့်သို့ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုနှစ်တွင်ထူးခြားချက်မှာ ဇုန်အဆင့်တွင် အသင်းလိုက်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ဇုန်အဆင့် ယှဉ်ပြိုင်သူကျောင်းသား အားလုံးထဲမှ လက်ရွေးစင်များရွေးချယ်ပြီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ် မှုများနှင့်အောင်မြင်မှုများမှာ ချီးကျူးဂုဏ်ပြုဖွယ်ဖြစ်သည်။ ထိုသို့အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့်  ကျောင်းသား၊ ကျောင်းသူများသည် အချင်းချင်းထိတွေ့မှု၊ ချစ်ခင်ရင်းနှီးမှု၊ ညီညွတ်မှု၊ ဒေသန္တရဗဟုသုတများ ရရှိမှုအပြင် အားကစားတွင်ထူးချွန်သည့်အခြေခံပညာဆရာ၊ ဆရာမများအဖြစ် ပေါ်ထွန်းလာစေမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် လူမှုရေးကဏ္ဍတွင် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက်    ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟု ဦးတည်ချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြရမည့် ယနေ့လူငယ်များအနေဖြင့်ကာယ၊ ဉာဏ၊  စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေး    ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး    ပညာရည်ထူးချွန်သည့်   ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် လိုအပ်သည်။ ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်စေရေး အတွက် ထိထိရောက်ရောက် အထောက်အကူပြုနိုင်မှုသည် ကိုယ်လက်လှုပ်ရှားအားကစားပင်ဖြစ်သည်။

လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစားနှင့်ပညာရေးတို့သည် ခွဲခြား၍မရသည့် အရာများဖြစ်သည်။  ထို့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစားဝန်ကြီးဌာနကို အဆင့်မြှင့်တင်ပြီး လူငယ်ကဏ္ဍကိုပါ ဦးစားပေးလုပ်ဆောင်နိုင်အောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အားကစားဆိုသည်မှာ ကြံ့ခိုင်မှု၊  ခွန်အားရှိမှု၊  လျင်မြန်မှု၊  ကျွမ်းကျင်မှု၊  ခံနိုင်ရည်ရှိမှု၊ ပူးပေါင်း ဆောင်ရွက်မှုစသည့် အခြေခံအချက်(၆)ချက်အပေါ်တွင်မူတည်နေခြင်းကြောင့် ထိုအရည်အသွေးများ ပြည့်စုံသည်ထက် ပြည့်စုံနေအောင်၊ ပြည့်ဝသည်ထက်ပြည့်ဝနေအောင် အစဉ်ကြိုးစား တည်ဆောက်သွားကြရမည်ဖြစ်သည်။ အားကစားနယ်ပယ်အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပြသနေခြင်း ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကိုယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအတွက် တင်မဟုတ်ဘဲ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကိုဆပ်နိုင်သည့် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရန်အထိ ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

ထိုသို့ကြိုးပမ်းရာတွင် ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုသကဲ့သို့ မလျှော့သောဇွဲ၊ သတ္တိ၊ ပြင်းပြသောလုံ့လတို့နှင့် လှေခွက်ချည်းကျန်၊ အလံမလှဲ ဆိုသည့်စိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များနှင့်   သန့်ရှင်းမျှတစွာယှဉ်ပြိုင်ပြီး  စည်းကမ်းကိုတန်ဖိုးထားလိုက်နာကြရမည်ဖြစ်သည်။

အားကစားယှဉ်ပြိုင်ရာတွင် အားကစားသမားတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ ရဲဘော်ရဲဘက်စိတ်ထားရှိခြင်းတို့နှင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။အားကစားလေ့ကျင့် ရာတွင်သော်လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာတွင် သော်လည်းကောင်း၊ ပွင့်လင်းမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့ ထားရှိလုပ်ဆောင်ကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပခြင်းအားဖြင့် ပညာရေးနှင့်အားကစားစွမ်းရည်ကိုပါ အားထား ရသည့်ဘက်စုံထူးချွန်သည့်ဆရာများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။