ကြိုဆိုပါသည် ကျွမ်းကျင် ကူညီ ဆေးစစ်သည်

 

ကြိုဆိုပါသည် ကျွမ်းကျင် ကူညီ ဆေးစစ်သည်

 

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သည် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သောလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များမွေးထုတ်ပေးရန် ဆိုသည့်ရည်ရွယ်ချက်နှင့်အညီ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈)တို့မှ သင်တန်းဆင်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်မွေးထုတ်ပေးလိုက်ပြီဖြစ်သည်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားရာတွင်  တာဝန်ကျရာနယ်မြေဒေသအသီးသီးကို ရောက်ရှိသွားချိန်တွင် တပ်မတော်သားများနှင့် မိသားစုဝင်များကိုသာမက ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် ခေတ်နှင့်အညီပြောင်းလဲနေသည့် ဆေးပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်ဖြစ်သည့် ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်ပေးရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်များကို မေတ္တာစေတနာအရင်းခံပြီး နိုင်ငံ့သားကောင်းဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များပီပီ ကျောသား၊ ရင်သားမခွဲခြားဘဲ စိတ်ကောင်းစေတနာကောင်းများဖြင့် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ယနေ့ကျောင်းဆင်းသည့်သူများသည် သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့်ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူများအဖြစ် ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည် ဂုဏ်ဒြပ်နှင့်အညီ တာဝန်ကျရာ တပ်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရတော့မည် ဖြစ်သည်။

သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊နမူနာ ဆိုသည့် နာ ၅ နာနှင့် ပြည့်နေရန်လိုအပ်သည်။ သူနာပြုကောင်းတစ်ဦးတွင်ထားရှိရမည့် လူသားဆန်သည့် စိတ်ဓာတ်များဖြစ်သည့် တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှုများနှင့် ပြည့်ဝနေရမည်ဖြစ်သည်။ သူနာပြုစိတ်ဓာတ်၏ အခြေခံညွှန်းဆိုချက်သည် လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာကောင်းမွန်ရေးပင်ဖြစ်သည်။

တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအားပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစ၍ နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက်တိုးမြှင့် ဆောင်ရွက်ပေးရာ  ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက် ကုသပေးခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်သားအရာရှိ၊ စစ်သည်ကျွမ်းကျင်သူများအပြင် ဆေးဘက်ဆိုင်ရာ ဆေးဝါးများ၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပါဝင်သည့် ရွေ့လျားဆေးကုသမှုယာဉ်များဖြင့် ပါဝင်ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြရသည့် နေရာများသို့လည်း တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ် တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများရှိ ပြည်သူလူထုများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များသည် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွင် မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသူများဖြစ်သည်။ သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူများအဖြစ် တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထုတစ်ရပ်လုံးကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုများခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်းလိုက်နာကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းများကို   ကြိုဆိုပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။