မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ၇ နှစ်တာ ကာလအတွင်း အခြေခံအဆင့်ကို ကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်ဖိုးရှိသည့် အထူးရန်ပုံငွေစီမံကိန်း ၁၀၆ ခုရရှိခဲ့သည်။ ထိုစီမံကိန်းများသည် နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၅ ရက်ကကျင်းပခဲ့သည့်(၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးစဉ် မဲခေါင်-လန်ချန်း ခရီးသွားလာရေးမြို့တော်များတည်ထောင်ခြင်း၊ ]]မဲခေါင်-လန်ချန်းလေကြောင်း ခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများစသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက်  အဖွဲ့ဝင်နိုင်ငံများအနေဖြင့်   တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မဲခေါင်-လန်ချန်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနက ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းညှိနှိုင်း ရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း ထည့်သွင်းပြောကြား ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းတို့က  ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ကြပြီး  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၏ဆောင်ပုဒ်မှာ မဲခေါင်-လန်ချန်းနိုင်ငံများအကြား အားလုံးနှင့် သက်ဆိုင်သောအနာဂတ်နှင့်ခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ ဖြစ်သည်။

အဆိုပါအစည်းအဝေးဆောင်ပုဒ်သည် လက်ရှိအခြေအနေများနှင့်ကိုက်ညီမှုရှိပေသည်။ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးခေတ်မီ တိုးတက်လာစေရေးတို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အချင်းချင်း အပြန်အလှန် အကူအညီပေးကြ ရမည်ဖြစ်သည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ ဖော်ဆောင်မှုနှင့် အဖွဲ့ဝင်နိုင်ငံ များအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာစီမံချက် ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည ်ဖြစ်သည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး အခြေပြုစွန့်ဦး တီထွင်စီးပွားရေး လုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သင့်ပါသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားသင့်ကြောင်း ပြသသည့်သင်ခန်းစာတစ်ရပ်ဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများ မျှဝေခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သောစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။   မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့် လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင် အနေဖြင့်လည်းကောင်း  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၊  စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။