ကော်ဖီသည် ဒေသအတွက် တိုင်းပြည်အတွက်

 

ကော်ဖီသည် ဒေသအတွက် တိုင်းပြည်အတွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  ြှနြ စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီသီးနှံထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီလျက်ရှိသည်။ ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအတွက် ကော်ဖီသီးနှံ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက် တစ်လျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် အဖွဲ့အစည်းများ ပါဝင်သော ကော်ဖီဗဟို အဖွဲ့ကိုဖွဲ့စည်းပြီး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကော်ဖီသည်ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော် စသည်ဖြင့် နာမည်ခေါ်တွင်ကြသကဲ့သို့ စီးပွားရေးနှင့်ဂုဏ်ယူသင့်သည့်ဒေသထွက်ကုန်အရ ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ကော်ဖီ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျှင် ဈေးကွက် ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကော်ဖီလုပ်ငန်းသည် အစုအဖွဲ့နှင့်လုပ်ဆောင်ရသည့်လုပ်ငန်းဖြစ်သဖြင့် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ကော်ဖီလုပ်ငန်းကို ထိခိုက်စေနိုင်မည့် ရောဂါပိုးအန္တရာယ် ကျရောက်မှုများ အပါအဝင် အခြားသောစုပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီသည်နှစ်ရှည်သီးနှံပင်အတွင်း၌ပါဝင်သည့်အတွက် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည် လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ကော်ဖီသီးနှံမှာစိုက်ပျိုးသူများအတွက် အကျိုးများစေသလို နိုင်ငံတော်အတွက် ပြည်ပပို့ကုန်တစ်ခုအဖြစ် အလားအလာများစွာ ရှိနေသည့်သီးနှံဖြစ်သည်။ မြန်မာ့ကော်ဖီဖွံ့ဖြိုးရေးအတွက် နေရာဒေသနှင့်ကိုက်ညီသည့် မျိုးရွေးချယ်မှုမှန်ကန်ရေးကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ကော်ဖီကို  တောင်ပေါ်ဒေသများတွင် စိုက်ပျိုးနိုင်သလို မြေပြန့်ဒေသများတွင်လည်း စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးပြီး ဧရိယာစုစုပေါင်း ၂၀၂၄၂ ဟက်တာ(ဧက ၅၀၀၀၀ ခန့်) ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီဆန်ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်းသိရှိရသည်။ ကော်ဖီသီးနှံထုတ်လုပ်သည့် MSME  လုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ အရင်းအမြစ် စသည့်အချက်လေးချက် ပြည့်စုံအားကောင်း ရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကော်ဖီသီးနှံမှာ စနစ်တကျတစ်ခါစိုက်ပျိုးပြီးလျှင် ရေရှည်အကျိုးပြုသည့် နှစ်ရှည်သီးနှံဖြစ်သည်။

နိုင်ငံတော်က ကော်ဖီဖွံ့ဖြိုးရေးအတွက် အားပေးမှုရှိသည့်အတွက် လုပ်ငန်းများ အောင်မြင်မှုရရှိနေသည်။ အရည်အသွေးကောင်းကော်ဖီထုတ်လုပ်ရာတွင် အသုံးပြုသည့် ကော်ဖီသီးမှည့်အခွံချွတ်စက်၊ အကျိအချွဲဖယ်စက်၊ ကော်ဖီလှန်းစင်၊ ကော်ဖီသီးအချိုဓာတ်တိုင်းကိရိယာ၊ ကျင်းတူးစက်၊ နေရောင်ခြည်သုံးအခြောက်ခံကိရိယာ  စသည့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို နိုင်ငံတော်မှထောက်ပံ့ကူညီပေးလျက်ရှိသည်။

မျိုးကောင်းမျိုးသန့်ကော်ဖီပျိုးပင်များနှင့် နည်းပညာများပံ့ပိုးပေးသည်။ လုပ်ကွက်ငယ်တောင်သူများအတွက် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးသည်။

ကော်ဖီကိုလူတိုင်းနီးပါး သောက်သုံးနေသည့်အချိန်ကာလတွင် မြန်မာ့ကော်ဖီသည် လူကြိုက်များလျက်ရှိသည်။ မွှေးပျံ့သောရနံ့နှင့် ခါးဆိမ့်သောအရသာရှိသည့် ကော်ဖီတစ်ခွက်က ပင်ပန်းမှုကိုပြေစေသည်။

လန်းဆန်းမှုကိုဖြစ်စေသည်။ လူတန်းစားမရွေး၊ အချိန်အခါမရွေးကော်ဖီကိုနှစ်သက်စွာသောက်သုံးကြသည်။

မြန်မာ့ကော်ဖီသည် အနံ့၊ အရသာထူးခြားပြည့်စုံပြီး ကာလာစုံ၊ ဒီဇိုင်းစုံ၊ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ပြည်တွင်း စားသုံးသူများအပြင် ပြည်ပဈေးကွက်သို့လည်း တင်ပို့လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းမှာ နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ဖြစ်သကဲ့သို့ ကော်ဖီစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးလည်း ပါဝင်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။