နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် လူငယ်များကဏ္ဍ

 

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် လူငယ်များကဏ္ဍ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်)

    မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်လိုက်ပါက နယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာသည့် အကြံအစည်များ၊ ခြေလှမ်းများကို သတိထားသိမြင်နိုင်မည်ဖြစ်သည်။ နိုင်ငံ့အင်အား မတောင့်တင်းပါက တစ်နည်းအားဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမခိုင်မာပါက အချုပ်အခြာ အာဏာဆိုသည်မှာ အချိန်တိုတိုအတွင်း လက်လွတ် ဆုံးရှုံးရနိုင်သည်ဟူသော ကြီးမားသည့် သင်ခန်းစာများကို ရရှိခဲ့ပြီးဖြစ်သည်။ မြန်မာ့သမိုင်းစဉ် တစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအားလုံးသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးအတူပူအမျှ အတူတကွ စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြသည်။

၁၉ ရာစုအတွင်း၌ နယ်ချဲ့ကိုလိုနီနိုင်ငံကြီးများ၏ လောဘဇောတိုက်ပြီး အပြိုင်အဆိုင် ကျူးကျော်ရန်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

မိမိတို့၏ဘိုးဘွားမိဘများသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာမှုများ၊ သွေးခွဲသပ်လျှို အုပ်ချုပ်မှုများကြားက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ပြန်လည်လွတ်မြောက်အောင် အသက်၊ သွေး၊ ချွေးများပေးဆပ် ရယူပေးခဲ့သည်မှာ(၇၆)နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေ အရပင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ပကတိအရှိတရားအရ ဖြစ်စေ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေး တာဝန်ပင်ဖြစ်သည်။ စစ်အေးခေတ်နှောင်းပိုင်း ကာလများတွင် အင်အားကြီးသည့် နိုင်ငံကြီးများသည် အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ထိန်းချုပ် ခြယ်လှယ်နိုင်စေရန် သို့မဟုတ်  သြဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကဏ္ဍများကို မဟာဗျူဟာကျသည့် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက်သည် တိုင်းရင်းသားများကြားတွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး   သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲ ပျက်စီးမှု မဖြစ်စေရေး ဝိုင်းဝန်းကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ် လူငယ်များကို အသိပညာပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း” ဖြင့် ပြောကြားခဲ့ပါသည်။

ယနေ့အချိန်တွင် အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ  နိုင်ငံနှင့်ပြည်သူလူထု အကျိုးကိုလျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့်အယူအဆများ လုပ်ဆောင်နေခြင်းမှာ နိုင်ငံအတွက်လွန်စွာ အန္တရာယ်ကြီးမားလှသည်။နိုင်ငံတော် အစိုးရအနေဖြင့် လူငယ်စွမ်းအားစု တစ်ရပ်လုံးကို နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့် အတွက် လူငယ်ရေးရာ မူဝါဒများ၊လူငယ်ဖွံ့ဖြိုးရေး အစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက် ရှိသကဲ့သို့ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကိုလည်း မိဘနှင့်သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများ ရှာဖွေဖော်ဆောင် ပေးလျက်ရှိသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အတွက် မဖြစ်မနေ ဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာအနက် လွန်စွာတန်ဖိုးရှိလှသည့် လူငယ်များ လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးခြင်း၏ အခြေခံသည် ပညာတတ် လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာ မူဝါဒများကို ခေတ်ကာလနှင့် ကိုက်ညီအောင်ပြင်ဆင် ချမှတ် ဆောင်ရွက်လျက်ရှိသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့်စာပေ အနုပညာပွဲတော်များ၊ ကျောင်းသားအားကစားပြိုင်ပွဲများ၊ နွေရာသီအားကစား သင်တန်းများ၊ အာဆီယံနှင့် ဒေသတွင်းလူငယ်ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ဆွေးနွေး ပြသယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ပေးနေသည့်အတွက် လူငယ်များ၏အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ် တိုးတက်လာစေခဲ့သည်။လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း တစ်ခုတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအား အရင်းအမြစ် တစ်ခုပင်ဖြစ်ပေရာ အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများတွင်ထူးချွန်ထက်မြက်နေရန် ကြိုးစား ကြရန်ဖြစ်ပါကြောင်း။    ။